(စ)-မတူပီမြို့နယ်၊ အ.ထ.က (ခွဲ) ဖနိုင် ကျောင်း ဆောင် အမှတ် (၁) အန္တရာယ်ဆောင်အား ဖြိုဖျက် ခွင့်ပြုရန်နှင့် တိုးချဲ့ဆောင်သစ် (၄)ခန်းတွဲနှစ်ထပ် စာသင်ဆောင် (သံကူကွန်ကရစ်) အား ခွင့်ပြုပေး ရန် အစီအစဉ်ရှိ/မရှိတို့ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မတူပီမြို့နယ်၊ ဖနိုင် အ.ထ.က(ခွဲ)ကျောင်း ဆောင် အမှတ်(၁)သည် ၁၉၇၂ ခုနှစ်တွင် ပြည်သူလူထုက ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် အုတ်ညှပ်အမျိုးအစားကျောင်းဆောင်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုက ပညာကို လိုချင်သောကြောင့် တတ်နိုင်သမျှ ငွေကြေးနှင့် လုပ်အားကို စိုက်ထုတ် သုံးစွဲ၍ တည်ဆောက်ကြခဲ့သော်လည်း ဒေသထွက်သစ်များအသုံးပြုခြင်း၊ ရာသီဥတုကြမ်းတမ်းပြီး ခြပေါများခြင်းကြောင့် ကျောင်းဆောင်သည် အန္တရာယ်ကျောင်းဆောင်အဆင့်ထိ ယိုယွင်းပျက်စီးနေပြီး အသုံးမပြုသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါကြောင်း၊
အ.ထ.က(ခွဲ)ဖနိုင် ကျောင်းဆောင်သည် အိမ်ခြေ ၂၅၅ အိမ်ခြေရှိသည့် ဖနိုင်ရွာအတွက်သာမက မတူပီအခြေ စိုက် စစ်ဗျူဟာနှင့် (၁၄၀)တပ်ရင်းတွင်ရှိသော တပ်မတော်မိသားစု၏ ကလေးငယ်များ အတွက်ပါ တည်ဆောက်ထားဖြစ်ခြင်းကြောင့် နှစ်စဉ်ကျောင်းသားဦးရေတိုးပွားလာပြီး ကျောင်းဆောင် လိုအပ်ချက်လည်းတိုးပွားလာကြောင်း၊ ၎င်းကျောင်းဆောင်နှင့်ပတ်သက်ပြီး ကျောင်းဆောင်အမှုတွဲကို တည်ဆောက်ပြီး မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် ခရိုင်ပညာရေးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး နှင့် ပညာရေး(ရုံးချုပ်) နေပြည်တော်အထိ ပေးပို့ပြီးဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ အ.ထ.က(ခွဲ)ဖနိုင်ကျောင်းဆောင် အမှတ်(၁) အန္တရာယ်ဆောင်အား ဖြိုဖျက်ခွင့်ပြုရန်နှင့် လေးခန်းတွဲ နှစ်ထပ်ဆောင်(သံကူကွန်ကရစ်)ဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။