(ဃ)-EIA/SIA/HIA/EMP လုံးဝဆောင်ရွက်ခြင်း မရှိဘဲ အဆောက်အဦပေါင်းများစွာ ဆောက်လုပ် ပြီးစီးနေမှု အပေါ် တရားဝင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်နယ်အစိုးရ၏ ဤကိစ္စရပ် အပေါ် ပါဝင်စီမံ ခန့်ခွဲထားမှု အခြေအနေကို သိလို ခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၇-၄-၂၀၁၄ ရက်နေ့တွင် Natural Current Energy Hydropower Co..Ltd.(NCE)ကုမ္ပဏီသည် စီမံကိန်း စမ်းသပ်ခွင့်အတွက် သဘောတူညီစာချုပ် ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း တည် နေရာသည် နမ္မတူမြို့နယ် ချောင်းဆုံကျေးရွာအုပ်စုရှိ နမ္မတူမြစ်ပေါ်တွင်ဖြစ်ပြီး ကုမ္ပဏီ စခန်းချရာ နေရာသည် ချောင်းဆုံကျေးရွာအုပ်စုအတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း ဖြစ်နေပါကြောင်း၊ ချောင်းဆုံအုပ်စုကျေးရွာမှာရှိနေသည့် NCE လုပ်ငန်းခွင်ကို ၁၁-၉-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ရာ တောင်ကိုဖောက်ပြီး ဥမင်လိုင်ခေါင်းတူးကာ ကျောက် အမျိုးအစားများ မှတ်တမ်းယူနေခြင်း၊ ရွှေရှာဖေွရာတွင် အသုံးပြုနေသည့် စက်များ ချထားခြင်းများကို တွေ့ရှိရပါကြောင်း၊ ၁၄-၁၁-၂၀၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံကွင်းဆင်းကြည့်ရှုရာတွင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိနေတဲ့သစ်များကို ခုတ်ထွင်အသုံးပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နမ္မတူအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာများထံသို့ အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းရာ သိရှိခြင်း မရှိပါဟု ဖြေကြားခဲ့ကြသည့်အတွက် သစ်တော ကြိုးဝိုင်း အတွင်းရှိသစ်များ ခုတ်ထွင်အသုံးပြုနေမှုကို စာထုတ်ဟန့်တားပေးရန် အကြံပြုပြောဆိုခဲ့ပါကြောင်း၊
၂၇-၁၁-၂၀၁၆ ရက်နေ့နှင့် ၂၂-၃-၂၀၁၇ ရက်နေတွင် နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာများကို ရပ်တန့်ရန် ပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါကြောင်း၊ ဆန္ဒပြတောင်းဆိုပြီး နောက် ၁၁-၄-၂၀၁၇ ရက်နေ့တွင် သစ်တောကြိုးဝိုင်းအတွင်း ထပ်မံကွင်းဆင်းကြည့်ချိန်၌ အဆောင်များဆောက်လုပ်ရန် ပြင်ဆင်ထားခြင်းနှင့် ယာယီဆောင်၏ အနောက်ဖက်တွင် သိမ်းဆည်း ထားသည့်သစ်တွေများကို တွေ့ရှိရပါကြောင်း၊ အဆိုပါစီမံကိန်းသာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မည်ဆိုပါက နမ့်စန်မြို့နယ်ရှိ လီလွတ်ကျေးရွာ ဒေသခံအနေဖြင့် ထိခိုက်နစ်နာမည်ဖြစ်ပြီး ကွင်းဆင်း တွေ့ဆုံခဲ့ရာတွင်လည်း ဒေသခံပြည်သူများထံသို့ ကုမ္ပဏီမှလာရောက်တွေ့ဆုံခြင်း မရှိကြောင်း၊ စီမံကိန်းအပေါ် EIA/SIA/HIA/EMP များ လုပ်ဆောင်ခြင်းမရှိသေးကြောင်းကို
၂၆-၇-၂၀၁၇ ရက်နေ့တွင် ထပ်မံကွင်းဆင်းကြည့်ချိန်၌ သစ်တောကြိုးဝိုင်းအတွင်း အဆောင်များ ဆောက်လုပ်ပြီးစီးနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ပြည်သူ့အသံ၊ လွှတ်တော် ကိုယ်စားလှယ် များ၏ အသံများကို ဂရုမစိုက်ဘဲ ဥပဒေကို ချိုးဖောက်ကျူးလွန်နေစေခြင်းသည် တရားဥပဒေစိုးမိုးမှုမရှိသည်ကို ပြသခြင်းအပြင် အစိုးရ၏တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည်ကို ညွှန်းဆိုခြင်းဖြစ်ပါကြောင်း၊
ထို့ကြောင့် EIA/SIA/HIA/EMP ကို လုံးဝဆောင်ရွက် ခြင်းမရှိဘဲ သစ်တောကြိုးဝိုင်း အတွင်းရှိသည့် အပင်မျာကို ခုတ်ထွင်ရှင်းလင်းပြီး ရှင်းလင်းဆောင်နှင့် အဆောက်အဦပေါင်းများစွာ ဆောက်လုပ်ပြီးစီး နေမှုသည် မည်သူ့ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ပြီး မည်သူ့တွင် တာဝန်ရှိသည်နှင့် မည်သို့ အရေးယူဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ (၂) ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရကြား (သို့မဟုတ်) ပူးပေါင်းပြီး ယခုကိစ္စအပေါ် တရားဝင်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပြည်နယ်မှ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ (၃) ပြည်နယ်အစိုးရ၏ ဤကိစ္စရပ်အပေါ် ပါဝင်စီမံခန့်ခွဲထားမှုအခြေအနေကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။