(ခ)-မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေး အတွက် နိုင်ငံ တော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကမ္ဘာတစ်ခုလုံး အတိုင်းအတာအရ ယခုမြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျင် ဒုတိယ ဘိန်း စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် ဘိန်းစိုက်ပျိုးမှု ဧရိယာ အများဆုံးပါဝင်ပြီး ယင်းပြည်နယ်လေးခု၏ မြို့နယ် ပေါင်း ၅၁ မြို့နယ်ရှိ ဘိန်းစိုက်ခင်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့သကဲ့သို့ ယခုနှစ်မေလအထိ ဘိန်းခင်းများကို မြို့နယ်အသီးသီးတွင် ဖျက်ဆီးခြင်း၊ အစားထိုး သီးနှံပေးအပ်ခြင်း စသည့် အခမ်းအနားများလည်း မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊
ဘိန်းစိုက်ပျိုးသူ အများစုသည် တောင်တန်းဒေသ၊ ဆင်းရဲသားလူနည်းစု တိုင်းရင်းသားများ ဖြစ်ကြပြီး ဘိန်းကို ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးသည်ဟု ဘိန်းစိုက် တောင်သူများက ပြောကြားခဲ့ပါကြောင်း၊ ဘိန်းစိုက် တောင်သူများအနေဖြင့် ဘိန်းစိုက်ပျိုးခြင်းသည် ၎င်းတို့ နေ့စဉ် ရင်ဆိုင်နေရသည် အဓိက အခက်အခဲများကို လတ်တလော ပြေလည်စေသည့်အပြင် ရေရှည် ထိန်းသိမ်းထားနိုင်သည့် ပစ္စည်း အဖြစ်လည်း တန်ဖိုးထားသည်ကို တွေ့ရှိရပါကြောင်း၊ ဘိန်းစိုက်ခင်းများကို ကိုယ်ပိုင်စိုက်ကြသကဲ့သို့ အလုပ်လက်မဲ့ သူများအနေဖြင့်လည်း လုပ်သားဘဝနှင့် လုပ်အားခကို သာမန်ထက် ပိုရ၍ စိုက်ပျိုး သည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ဘဲ ဘဝရပ်တည်ရေး အတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သို့ ဆောင်ရွက်ပါမည်နှင့် အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် အောင်မြင်မှု ရလဒ်မည်မျှ ရရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။