(ဃ)-ကျောက်ဖြူမြို့၊ အမှတ်(၃)ဆိပ်ခံတံတားနှင့် ရပ်ကွက် သမဝါယမအသင်း ဆိုင်ဟောင်းကြားရှိ မြစ်ကမ်း မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေ ဂရန်ခွင့်ပြုမိန့်များကို မည်သည့်အချိန်တွင်ပြန်လည် ရုပ်သိမ်း ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၃)ဆိပ်ခံတံတားနှင့် ရပ်ကွက် သမဝါယမ အသင်းဆိုင်ဟောင်းကြားရှိ မြစ်ကမ်း မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို ဂရန် ခွင့်ပြုခြင်းသည် တရား ဥပဒေနှင့် မညီညွတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေနှင့် ဆန့်ကျင်ကာ တာဝန်ရှိသူများနှင့် ပူးပေါင်း ရယူထားကြခြင်း ဖြစ်ပါကြောင်း၊
ခွင့်ပြုထားသည့် ဂရန်မြေများသည် ကမ်းနားမြေများဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စီမံခန့်ခွဲသည့် မြေအမျိုးအစား ဖြစ်ပါကြောင်း၊ အစိုးရမြေ(Government Land)ကို ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဂရန်ပေးခွင့်မရှိဘဲ ဂရန်ချ ထားပေးခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် Land of Government Deposits မြေကိုသာ ဂရန်ပေးခွင့် ရှိပါကြောင်း၊
ကျောက်ဖြူမြို့ မြစ်ကမ်းတွင်ရှိသော ဆိပ်ကမ်းနှစ်ခုနှင့် အမှတ်(၁)ဆိပ်ကမ်းကို Daewoo ကုမ္ပဏီကို အသုံးပြုခွင့် ပေးထားပြီး အမှတ်(၃)ဆိပ်ကမ်းကို နိုင်ငံတော်၏ ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မကြာမီ တိုးချဲ့ အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆိပ်ကမ်းကို တိုးချဲ့အသုံးပြုရန် ယခင်အစိုးရ အဆက်ဆက်က အဆောက်အဦများ ဆောက်လုပ်ခြင်း မပြုဘဲ အဆိုပါ နေရာရှိ ယာယီ အဆောက်အဦများကိုပင် ဖယ်ရှားထားခဲ့ပါကြောင်း၊
ထို့ကြောင့် ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၃)ဆိပ်ခံတံတားနှင့် ရပ်ကွက် သမဝါယမ အသင်းဆိုင်ဟောင်းကြားရှိ မြစ်ကမ်း မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို ဂရန် ခွင့်ပြုမိန့် ရရှိထားကြသူများ၏ ဂရန် ခွင့်ပြုမိန့်များကို မည်သည့်အချိန်တွင် ပြန်လည်ရုပ်သိမ်းပေး မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။