(ခ)-ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သည် လက်ရှိဆောင်ရွက်ပြီး အခြေအနေကို ပြန် လည် သုံးသပ်ပြီး ပြည်သူဗဟိုပြု ချဉ်းကပ်မှုနှင့် လူ ထုကိုယ်တိုင် ဦးဆောင်ပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများဖြင့်လက်တွေ့ကျကျဖော်ဆောင်ပေး ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့ရာမှ ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်း လိုက်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီး ဦးစီးဌာန၏မူဝါဒက စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုနည်းလမ်းများဖြင့် သက်ဆိုင်သူ Stakeholder များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မူဝါဒချမှတ်ထားခဲ့ပါကြောင်း၊ ရည်ရွယ် ချက် နှစ်ရပ်အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်ပြည်သူလူထု လူမှုဘဝဖွံ့ဖြိုးရေး ဟူ၍ ချမှတ်ထားပါကြောင်း၊ လုပ်ငန်းတာဝန် ၁၂ ရပ်ကို သတ်မှတ်ပြဋ္ဌာန်းထားပြီး အဓိကအားဖြင့် ဆောင်ရွက်နေသည်မှာ လမ်း၊ တံတား၊ ရေ၊ မီးနှင့် ကျန်းမာသန့်ရှင်းရေးဖြစ်သော အိမ်သာ ဆောက်လုပ် ရေးလုပ်ငန်းများဖြစ်ပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လွန်ခဲ့သောငါးနှစ်က ရရှိသောဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၅ သိန်းကျော်ကို တစ်နိုင်ငံလုံးတွင်သုံးစွဲခဲ့ပါကြောင်း၊ လေးမျက်နှာမြို့နယ်၏ ရရှိမှုက ကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ဦးစီးဌာန၏စာရင်းများအရ တစ်နိုင်ငံလုံးတွင် လမ်းပေါင်း ၁၅၅၆၇ မိုင်၊ တံတားပေါင်း ၃၆၄၉၅ ပေ၊ ရေတွင်းဇုန် ၂၄၁၉၃ တွင်း၊ ဆိုလာမီး ၄၁၃၅ ရွာ၊ အိမ်သာ ၆၀၉၈ လုံး၊ အခြား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများလည်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
၂၀၁၂-၁၃မှ ၂၀၁၅-၁၆ အတွင်းခင်းထားသော တချို့ကွန်ကရစ်လမ်းများသည် ကွန်ကရစ်လမ်း ရှာမရတော့ သည့်အနေအထား ဖြစ်နေပါကြောင်း၊ လေးမျက်နှာ ပန်းတောကြီးလမ်းပေါ်ရှိ လမ်း၊ တံတားများကို ၂၀၁၂-၁၃ မှ ၂၀၁၄-၁၅ အထိ ကျေးလက်ဦးစီးဌာနက ကျပ်သိန်းပေါင်း ၈၀၀၀ ကျော်သုံးစွဲပြီး တည်ဆောက်ခဲ့ပါကြောင်း၊ ဆောက်လုပ်ပြီးပြီးချင်း ၂၀၁၅ တွင်ရေကြီးပြီး ပျက်စီးသည်ကိုသဘာဝဘေးဟုဆိုပြီး အကြောင်းပြပါ ကြောင်း၊လမ်း၊ တံတားများမတည်ဆောက်မီတွင် လေးမျက်နှာမြို့နယ်၏ မိုးတွင်းကာလ အမြင့်ဆုံးရေအမှတ် သည် ၃၅.၆၅ ဖြစ်သည်ကို အတိအကျသိရှိပြီးမှ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ မိုးတွင်းရေတက် လာသည့်အခါ အဆိုပါပုံမှန်ရေအမှတ် ရောက်ရှိသည့်အချိန်တွင် တံတားကြမ်းခင်းများကို ရေထိနေပြီ ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ကုမ္ပဏီများသည် လမ်း၊ တံတားတည်ဆောက်ပါက ရေလမ်းကင်းလွတ်အမြင့်ထည့်မတွက်ခဲ့ကြသည်၊ လက်လွတ်စပယ်လုပ်ခဲ့ကြသည်ကို ၎င်းတို့သာသိလိမ့်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်တည်ဆောက် နောက်နှစ်တွင်ပျက်၍ နောက်ဆုံး သဘာဝဘေးထဲအထည့်ခံရပြီး ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံရှုံးခဲ့ရပါကြောင်း၊
၂၀၁၄-၁၅ ဘတ်ဂျက်တွင် သိန်း ၈၀ ဖြင့်တည်ဆောက်ထားသော လှော်ကတားရွာရေရရှိရေး အဆောက်အအုံသည် ယခုအချိန်ထိ ရေသုံးစွဲ၍ မရရှိသေးပါကြောင်း၊ သွားရောက်ကြည့်ရှုသည့်အခါ အိမ်ခြေအဟောင်းတစ်လုံးနှင့် ပန့်အဟောင်းတစ်လုံးကို အောက်တွင်အုတ်ခဲခုပြီး ချထားပါကြောင်း၊ ယခု အခြေအနေတွင် ရေထွက်စေရန်ဆောင်ရွက်ခဲ့လျှင်တောင်မှ ရေကန်က မြေကြီးအနက်ထဲတွင် တူးထား သည့်အတွက် ရေခပ်လျှင် မိမိတို့စက်သီးဖြင့်ခပ်ရမည် ဖြစ်နေပါကြောင်း၊ ပေ ၅၀ နှင့် ၁၅၀ ကြားတူးထားသော ဘုံဘိုင်များသည် မိုးတွင်းတွင် ရေများပန်းထွက်ပြီး ရေကောင်းထွက်လျက်နှင့် တွင်းနက်ဟုဆိုပြီး သိန်း ၈၀ ဖြင့်ပြုလုပ်သွားခြင်းများ မိမိတို့မြို့နယ်တွင် အများအပြားရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ သစ်တက်လာပြီး ရက် ၁၀၀ စီမံကိန်းတွင် လက်ယက်တွင်းတစ်တွင်းကို ၄၅ သိန်းဖြင့် ကိုးတွင်း သိန်းပေါင်း ၃၆၀ ကုန်ကျပြီး ယခု တစ်တွင်းမျှ မအောင်မြင်၍ သုံးစွဲမရပါကြောင်း၊ ပေ ၂၀ ခန့်သာ တူးထားသည့်အတွက် တစ်တွင်းမျှ ရေမထွက်ဘဲ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနေရပါကြောင်း၊ မိမိတို့ အခြားတစ်အိမ်ကိုသွားရောက် လေ့လာ ရာတွင် ပေ ၄၀၀ တွင်း နှစ်လက်မတွင်းကို ရေတွင်း ၊ အင်ဂျင်၊ ရေကန်အပါ သိန်း ၂၀ ဝန်းကျင်ဖြင့် တူးထားပါကြောင်း၊ ထို့ကြောင့် ၎င်းအခြေအနေများကို သုံးသပ်ကာ ရှေ့ဆက်ပြီး မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။