(င)-ပလက်ဝမြို့နယ်ရှိ လျှပ်စစ်မီး မရရှိသေးသော အိမ်ထောင်စုများအတွက်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီး တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပလက်ဝမြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာတစ်ခုဖြစ်ပါကြောင်း၊ နေအလင်းရောင်ထဲတွင်ရှိသည့် အလင်းမှုန်များက ဆိုလာပြားထဲတွင်ရှိသည့် လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းအားဖြင့် လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေသော နည်းစနစ်ဖြစ်ကြောင်း လေ့လာသိရှိရသည့်အတွက် ၎င်း ဆိုလာစနစ်၏ အားသာချက်များမှာ အသုံးပြုသည့်စွမ်းအင်သည် နေရောင်ခြည်စွမ်းအင်ဖြစ်သည့်အတွက် မကုန်ခန်းနိုင်သည့် အပြင် အခမဲ့သုံးစွဲနိုင်ခြင်း၊ ဆိုလာစနစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ထွက်ရှိမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း၊ အသုံးပြုရန်လွယ်ကူပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ခြင်း၊ လှုပ်ရှားမှု အစိတ်အပိုင်းမပါဝင်သဖြင့် ဆူညံမှုလည်းမရှိခြင်း၊ လောင်စာမလိုအပ်သဖြင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း စသည်တို့ဖြစ်ပါကြောင်း၊
မိမိတို့ပလက်ဝမြို့နယ်တွင် လက်ရှိစာရင်းအရ အိမ်ထောင်စုပေါင်း ၂၀၃၁၇ စု နေထိုင်လျက်ရှိရာ အလင်းရောင်အတွက် လျှပ်စစ်မီးသုံးစွဲနေသော အိမ်ထောင်စုမှာ ၁၀၄၈ စု ရာခိုင်နှုန်းအားဖြင့် ၅.၁၆ ရာခိုင်နှုန်းသာရှိသည့်အတွက် ကျန်ရှိသည့် ၉၄.၈၄ ရာခိုင်နှုန်းသော အိမ်ထောင်စုများမှာ ဖယောင်းတိုင်၊ ရေနံဆီမီးနှင့် ထင်းမီးများကိုသာ သုံးစွဲနေရသည့်အတွက် အလင်းရောင်အားနည်းခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်း၊ မီးခိုးကြောင့်ကျန်းမာရေးထိခိုက်ခြင်းနှင့် မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရခြင်းစသည့် အခြေအနေများ ရှိနေကြပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် ဒေသခံပြည်သူများပူးပေါင်း၍ မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သော ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေး ငါးနှစ်တာစီမံကိန်းဆောင်ရွက်ရာ ပလက်ဝမြို့နယ်တွင် ယနေ့အထိ အိမ်ထောင်စု ၅၂၅၄ စုကိုသာ ဆိုလာမီးတပ်ဆင်ပေးနိုင်ပြီး ကျန်အိမ်ထောင်စု ၁၄၀၁၀ စုတို့တွင် ဖယောင်းတိုင်၊ ရေနံဆီမီးနှင့် ထင်းမီးများကိုသာ အသုံးပြုနေကြခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေကို လေ့လာသည့်အခါ တစ်နိုင်ငံလုံးတွင် ၃၂.၄ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၁၅.၄ ရာခိုင်နှုန်းရှိသည့်အတွက် ပလက်ဝမြို့နယ်၏ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး သော်လည်းကောင်း၊ မဟာဓာတ်အားလိုင်းသော်လည်းကောင်း ရရှိရန် ခက်ခဲမည်ဟု ယူဆပါကြောင်း၊ သို့ရာတွင် ယခုတင်ပြသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် မကုန်ခန်းနိုင်သော သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည့်အပြင် ကုန်ကျစရိတ်အနည်းဆုံး စနစ်တစ်ခုလည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးဖြစ်သော ပလက်ဝမြို့နယ် အလင်းရောင်အတွက် ဆိုလာစနစ်မီးတပ်ဆင် ပေးနိုင်မည်ဆိုပါက ပညာသင်ကြားနေသည့် ကျောင်းသား/သူများအတွက်များစွာ အကျိုးကျေးဇူးရရှိပြီး ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝသည်လည်း အထိုက်အလျောက် မြင့်မားလာနိုင်မည် ဖြစ်သည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။