(က)-အင်းစိန်မြို့နယ်၊မီးရထားပိုင်နယ်မြေအတွင်း သက်တမ်းလွန် အိုမင်းနေပြီဖြစ်သော အန္တရာယ်ရှိ မီးရထားဝန်ထမ်းအိမ်ရာများအားခေတ်နှင့်လျော်ညီ သည့် ဝန်ထမ်းအိမ်ရာအသစ်များအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အင်းစိန်မီးရထားခေါင်းစက်ရုံသည် ၁၈၇၀ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကြာမြင့်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာများသည်လည်း နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သည့် အတွက် ဟောင်းနွမ်းဆွေးမြည့်ပျက်စီးလျက်ရှိပြီး အန္တရာယ်ရှိသည့်အဆောက်အဦများ ဖြစ်နေ ပါကြောင်း၊ ယခင် က လူဦးရေသိပ်သည်းမှုနည်းပါးသည့်အတွက် မီးရထားဝန်ထမ်းများ၏ တစ်ထပ် လိုင်းခန်းဝန်ထမ်းအိမ်ရာများ တည်ဆောက်ခဲ့ခြင်းသည် သူ့ခေတ်သူ့အခါနှင့်လျော်ညီခဲ့သော်လည်း ယခုအချိန်တွင် ရန်ကုန်မြို့သည် လူဦးရေသိပ်သည်းမှုအများဆုံးနှင့် ဖွံ့ဖြိုးမှုသည်လည်းအရှိန်အဟုန် နှင့်ပြောင်းလဲတိုးတက်နေပြီဖြစ်သည့်အတွက် ရန်ကုန်မြို့၏ မြေတန်ဖိုးသည် ၁ ပေပတ်လည်အလိုက် တန်ဖိုးရှိနေပါကြောင်း၊ ထို့ကြောင့် ၂၁.၄၂၅ ဧကကျယ်ဝန်းသည့် နိုင်ငံတော်ပိုင်မြေ အင်းစိန် မီးရထားဝင်းအိမ်ရာကို စနစ်တကျစီမံခန့်ခွဲရန် အထူးလိုအပ်လျက်ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိ ဟောင်းနွမ်းပြီးအန္တရာယ်ရှိနေသည့် ဝန်ထမ်းအိမ်ရာများကို အထပ်မြင့်အိမ်ရာများအဖြစ် တည်ဆောက် ပေးမည်ဆိုပါက မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သလို မြေယာကိုလည်း တန်ဖိုးရှိစွာ စီမံခန့်ခွဲပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ဂုဏ်သိက္ခာရှိပြီး အန္တရာယ်ကင်းသည့် စိတ်ချလုံခြုံသည့် နေထိုင်မှုဘဝကို ရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံ့ ဝန်ထမ်းများ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရေးဆိုသည့်မူဝါဒလမ်းညွှန်ချက်နှင့်လည်း ကိုက်ညီစေမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မီးရထားပိုင်နယ်မြေအတွင်း သက်တမ်းလွန်အိုမင်းဟောင်းနွမ်းနေပြီး အန္တရာယ်ရှိသည့် မီးရထားဝန်ထမ်းအိမ်ရာများအား ခေတ်နှင့်လျော်ညီသည့် ဝန်ထမ်းအိမ်ရာအသစ်များ အဖြစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။