(ခ)-သတင်း အချက်အလက် ဆိုင်ရာ အသိပညာ တတ်မြောက်မှုနှင့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အသိပညာတတ်မြောက်မှုပညာရပ်များကိုကျောင်း သားများအပါအဝင် ပြည်သူလူထုများ နားလည်သိ မြင်လာစေရေးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံတွင် Mobile Sim card များ တစ်ဖြည်းဖြည်းနှင့် ဈေးလျော့လာပါကြောင်း၊ ယခင်က သိန်း ၃၀၊ ၄၀ မှ ၁၇ သိန်း၊ ၁၀ သိန်း၊ နောက်ပိုင်းတွင် ငါးသိန်း၊ နှစ်သိန်းခွဲနှင့် နောက်ဆုံးတွင် ၁၅၀၀ ကျပ်အထိ လျော့လာပါကြောင်း၊ Data အသုံးပြုသူ ၃၃ သန်း ရှိပါကြောင်း၊ သတင်းအချက်အလက်ဆိုင်ရာအသိပညာတတ်မြောက်မှုဆိုသည်မှာ အသိပညာတစ်ခု၊ အချက်အလက်တစ်ခုသည် မည်သည့်နေရာတွင်ရှိသည်ကို ရှာဖွေတတ်သောပညာ၊ ကိုယ့်ဆီ ရောက်လာသော သတင်းအချက်အလက် မှန်/မမှန် ဆိုသည်ကို သုံးသပ်နိုင်သောပညာ၊ သုံးသပ်ပြီးပါက မှန်ကန်သောပညာကို ကိုယ့်လုပ်ငန်းအတွက် ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်အသုံးချနိုင်သော အတတ် ပညာကို Information Literacy သတင်းအချက်အလက်ဆိုင်ရာအသိပညာတတ်မြောက်မှုဟု ဆိုပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု (Digital Literacy) ဆိုသည်မှာ ဒစ်ဂျစ်တယ်ပစ္စည်း များကို အသုံးပြုပြီး သတင်းအချက်အလက်ပိုင်းဆိုင်ရာကို ထိထိရောက်ရောက်အသုံးပြုခြင်းကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ယနေ့ သတင်းမီဒီယာအများစုနှင့် အထူးသဖြင့် Facebook ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများအပေါ် တွေ့နေရသောသတင်းအချက်အလက် သုံးမျိုး အဓိက တွေ့ရှိရပါကြောင်း၊ (၁) Information ဟုခေါ်သော သတင်းအချက်အလက်အမှန် ဖြစ်ပါကြောင်း၊ (၂) Mix Information ဟုခေါ်သော သတင်းအချက်အလက်အလွဲအမှား မပြည့်စုံသောသတင်း ဖြစ်ပါကြောင်း၊ (၃) Dis Information ဟုခေါ်သော သတင်းအမှားများ ထုတ်လွှင့်မှုတို့ ဖြစ်ပါကြောင်း၊ Information ထုတ်လွှင့်မှုများက သိသာပါကြောင်း၊ စေတနာထားပြီး သူတစ်ပါးကို ကူညီလို၍၊ သတင်းမျှဝေလို၍ ထုတ်လွှင့်ကြခြင်း ဖြစ်ပါကြောင်း၊ Mix Information များက သတင်းအမှန်တစ်ဝက်၊ အမှားတစ်ဝက်များနှင့် မသိ၍ဖြစ်စေ၊ တမင်ရည်ရွယ်ပြီး ဖြစ်စေ ထုတ်လွှင့်နေကြ ပါကြောင်း၊ သတင်းအမှားများက သူများကို တမင်ဒုက္ခပေးစေလိုသော ရည်ရွယ်ချက်မျိုးဖြင့် ထုတ်လွှင့်ကြပါကြောင်း၊ အဓိကက သတင်းရရှိမှုအပေါ်မူတည်ပြီး လူများ၏ဆုံးဖြတ်ချက်သည် မတူနိုင်ပါကြောင်း၊ သတင်းအမှားများ ရရှိပါက ဆုံးဖြတ်အမှားများချနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိပြဿနာတွင် သတင်းအမှားများ ထုတ်လွှင့်မှုများ ကြောင့် ပြည်သူလူထု တချို့သည် မှန်/မမှန် မသုံးသပ်နိုင်တော့ဘဲ လူမှုဒုစရိုက်များပါ အလွန်များပြား လာပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒစ်ဂျစ်တယ်နည်းပညာများ၊ သတင်းအချက်အလက်များကို မှန်မှန်ကန်ကန်အသုံးမချနိုင်ဘဲ အမုန်းစကားများ အင်တာနက်စာမျက်နှာပေါ်တွင် များစွာတွေ့ရှိရပါကြောင်း၊ မမှန်သတင်းဖြန့်မှုများ များစွာတွေ့ရှိရပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် အသုံးပြုပါကြောင်း၊ ဒီဂျစ်တယ်၊ Mobile Phone များကို များသောအားဖြင့် ဖုန်းခေါ်ဆိုရန်နှင့် Facebook လူမှုကွန်ရက်စာမျက်နှာသုံးရန်လောက်သာ တွင်တွင်ကျယ်ကျယ်အသုံပြုနေပါကြောင်း၊
လူ့အဖွဲ့အစည်းတစ်ခုအတွက် အသစ်ပေါ်လာသော နည်းပညာများနှင့် သတင်းအချက်အလက်များကို မှန်မှန် ကန်ကန် မည်ကဲ့သို့သုံးရမည်ဟူသော ပညာမရှိပါက ပြဿနာပေါင်းစုံ ဘေးထွက်ဆိုးကျိုးအဖြစ်နှင့် ရင်ဆိုင် ရနိုင်ပါကြောင်း၊ လက်ရှိ ကြုံတွေ့နေရသော ဘေးထွက်ဆိုးကျိုးများသည် အဆိုပါပညာရေး လိုအပ်ချက်ကြောင့်ဖြစ်၍ ၎င်းပညာရေး၊ သတင်းအချက်အလက်ကိုသာ ခိုင်ခိုင်မာမာဖြင့် မည်ကဲ့သို့သုံးရမည်ကို အများစုသိရှိစေရန် လုပ်ပေးနိုင်ပါက မိမိတို့ပြည်သူလူထုအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရင့်ကျက်သောတိုးတက်သော လူ့အဖွဲ့အစည်းဖြစ်ရန် အထောက်အကူပေးနိုင်မည်ဖြစ်သည့်အတွက် သတင်းအချက်အလက် ဆိုင်ရာအသိပညာ တတ်မြောက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု ပညာရပ်များကို ကျောင်းသားများ အပါအဝင် ပြည်သူလူထုနားလည်သိမြင်လာစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။