(ဂ)-ဖောင်းပြင်မြို့နယ်၊ ကရား ကျေးရွာအုပ်စုတွင် စိုက်ထူထားသောMPTဆက်သွယ်ရေးတာဝါတိုင် အမှတ်(SGG00477)ကိုအကောင်းဆုံးဖြစ်အောင် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-22

မေးခွန်း အကြောင်းအရာ 

u tun waiဆက်သွယ်ရေးစနစ် ကောင်းမွန်အဆင်ပြေမှုသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့် ညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးစနစ်များ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများသည် ဈေးကွက်နှင်‌့အလှမ်းဝေးသော်လည်း ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးဈေးနှုန်းကို ရရှိလာကြပါကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့် အချိန်တွင် အမြန်ဆုံးပြန်လည် တုံ့ပြန်နိုင်ရန်အတွက် ဆက်သွယ်ရေးကောင်းမွန်ရန် အလွန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကရားကျေးရွာအုပ်စုမှ MPT ဆက်သွယ်ရေးတာဝါတိုင် အမှတ် (SGG 00477) ကို နှစ်စဉ်ရေမြုပ်သည့် ယာခင်းတစ်ခုထဲတွင် စိုက်ထူထားပါကြောင်း၊ အဆိုပါတာဝါတိုင်မစိုက်ထူမီက ကရားရွာတွင် GSM အော်တိုတယ်လီဖုန်းခေါ် အထိုင်ဖုန်းများနှင့် ရပ်ဝေးရပ်နီးပြောဆို၍ အဆင်ပြေကြောင်း တာဝါတိုင်စိုက်ပြီးနောက် အထိုင်ဖုန်းများ ပြော၍မရတော့ပါကြောင်း၊ မိုဘိုင်းဖုန်းများတွင်လည်း တစ်ဖက်သာကြားရပြီး အခြားတစ်ဖက်က ကောင်းစွာမကြားရဘဲ ဆူညံသံများသာ ထွက်နေပါကြောင်း၊ ၂၉-၄-၂၀၁၇ ရက်နေ့က ကရားရွာကို မိမိရောက်သည့်အခါတွင် ပြောပြ၍သိရပါကြောင်း၊ ထို့ကြောင့် ရွာနှင့်တစ်မိုင်ကျော်ကျော်ဝေးသော်လည်း တာဝါတိုင်ရှိရာနေရာကို ကိုယ်တိုင်လည်း ဖုန်းဆက်သွယ်ကြည့်သည့်အခါ သူတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊

ထိုတာဝါတိုင်သည် ယာခင်းတစ်ခုထဲတွင် စိုက်ထူထားခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပေါ်သည့်အခါ ဆက်သွယ်ရေး လုံးဝပြတ်တောက်သွားသည်ဟု သိရှိရသည့်အတွက် ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု အတွင်းမှာရှိ ဆက်သွယ်ရေးတာဝါတိုင် (SGG 00477) ကို မည်သို့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။