(ခ)-မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စုတွင် ရှိ သောအ.မ.ကရှားတော(သပြေ)ကျောင်း၏အန္တရာယ် ရှိသော ကျောင်းဆောင်အား ဖျက်သိမ်း၍ ကျောင်း ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်အောင်မြို့နယ် သပြေကုန်းအုပ်စုတွင်ရှိသော ရှားတောကျေးရွာ အစိုးရမူလတန်း ရှားတော (သပြေ)ကျောင်းတွင် ဇီးဖြူကွင်းကျေးရွာနှင့် ရှားတောကျေးရွာရှိ မူလတန်းအဆင့် ကလေးငယ်များ စာသင်ကြားရာ ကျောင်း ဖြစ်ပါကြောင်း၊ ဇီးဖြူကွင်းနှင့်ရှားတောကျေးရွာတို့တွင် အိမ်ခြေ ၂၂၇ ၊ လူဦးရေ ၈၀၀ ခန့် နေထိုင် လျက်ရှိပြီး၊ မူလတန်းအဆင့် ကျောင်းနေအရွယ် ကလေးငယ် ၁၁၀ ဦးခန့်ရှိပါကြောင်း၊အ.မ.က ရှားတော(သပြေ)ကျောင်းတွင် ကျောင်းသားဦးရေ သူငယ်တန်းမှ စတုတ္ထတန်းအထိ ၅၈ ယောက်ရှိပြီး ကျောင်းအဆောက်အဦမှာ သစ်သားတစ်ထပ်ကျောင်းဆောင် ဖြစ်ပါကြောင်း၊ ကျောင်းဆောင်သက်တမ်းမှာ နှစ် ၃၀ ခန့်ရှိပြီး အကာ၊ ကြမ်းခင်း၊ ဆင့်၊ ပေါင်းကွတ်နှင့် တိုင်များမကောင်းတော့ပါကြောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် ငါးကြိမ်တင်ပြထားသော်လည်း ယနေ့အထိအရေးယူဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ စာသင်ကြားရန်အန္တရာယ်ရှိသော ကျောင်းဆောင် ဖြစ်ပါပြီး အစားထိုးစာသင်ကြားရန်အတွက် အခြားကျောင်းဆောင်လည်း မရှိပါ ကြောင်း၊ မြန်အောင်မြို့နယ်အတွင်း အဆိုရွား ဆုံးယိုယွင်းပျက်စီးနေသော ကျောင်းဆောင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
မြို့နယ်အတွင်း မူခွဲကျောင်းဆောင်တစ်ခု ပေ ၉၀ x ပေ ၃၀ ကျောင်းဆောင် ဆောက်ခွင့် ရခဲ့သော်လည်း ၎င်းကျောင်းဆောင်သည် အမေ့ခံ၊ မပယ်ခံကျောင်းအဖြစ် ငါးကြိမ်တိုင်တိုင် ခံစားခဲ့ရပါကြောင်း၊ သို့ပါ၍ အ.မ.က ရှားတော(သပြေ) အန္တရာယ်ရှိ ကျောင်းဆောင်အား အသစ်ဆောက်လုပ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ယခုစာသင်နှစ်အတွင်း ၎င်းကျာင်းမှ ကျောင်းသားကလေးငယ်များ၏ အန္တရာယ်ရှိကျောင်းဆောင် ပြင်ပစာသင်ကြားမှုအစီအစဉ်ကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။