(စ)-တွံတေးတူးမြောင်းကို ဖြတ်ကျော်မည့် နောက် ထပ် မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တွံတေးမြို့က ရန်ကုန် (တောင်ပိုင်း) ခရိုင်ထဲတွင် ပါဝင်ပြီး မိမိတို့ကျေးရွာ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အားလုံး ၇၃ အုပ်စု၊ မြို့ပေါ်ရပ်ကွက် ၈ ခု၊ လူဦးရေက ၂၂၀၀၀၀ ကျော် ရှိပါကြောင်း၊ ယခင်က တွံတေးနှင့်ရန်ကုန်ကို ဆက်သွယ်ထားသည်မှာ ဒလတစ်ဘက်ကမ်း ပန်းဆိုးတန်းမှကူးပြီး ကားလမ်းနှင့်လာသည့် လမ်းတစ်လမ်းရှိပါကြောင်း၊ ထို့နောက် တွံတေးတူးမြောင်း ၂၁ မိုင်ကို လွန်ခဲ့သည့်နှစ် ၁၀၀ ခန့်က ဖောက်လုပ်ခဲ့သည့် တွံတေးတူးမြောင်းမှ ဆက်သွယ်ထားသည့် လမ်းများကို တွံတေးနှင့်ရန်ကုန် ဆက်သွယ်၍ သွားကြရပါကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ကြည့်မြင်တိုင်တစ်ဘက်ကမ်းက လယ်မြေများကို လှိုင်သာယာမြို့အဖြစ် ပြောင်းလဲလိုက်ပြီး လှိုင်သာယာတံတားများ၊ ဘုရင့်နောင်တံတားများ တည်ဆောက်ခဲ့ပါကြောင်း၊ လှိုင်သာယာတံတားဘက်မှ တွံတေးတံတားဆိုပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က တည်ဆောက်ပေးခဲ့သည့် အတွက်ကြောင့် တွံတေးနဲ့ရန်ကုန်ကို ကူးတို့နဲ့ကူးပြီး သွားရခြင်းမျိုးမရှိတော့ဘဲ အဆင်ပြေပြေ သွားလာနိုင်ခဲ့ပါကြောင်း၊ သို့သော် ရာသီဥတုဆိုးရွားသည့်အချိန်၊ ညဘက်များတွင် အန္တရာယ်များသည့်အတွက် သမ္မာန်များလည်း မကြာခဏမှောက်ခြင်း၊ ပစ္စည်းဆုံးရှုံးမှုဖြစ်ခြင်း၊ တံတားများ မကြာခဏကျိုးခြင်းများ ဖြစ်ပေါ်သည့်အတွက် အကျိုးသက်ရောက်မှုမရှိပါကြောင်း၊ ထို့ကြောင့် နောက်ထပ် တွံတေးမြို့အတွက် မြစ်ကူးတံတား၊ တွံတေးတူးမြောင်းကို ကူးသည့် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။