(က)-ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦးစီမံကိန်းတွင် မည်သည့်လုပ်ငန်း များပါဝင်ပြီးမည်ကဲ့သို့အကောင်အထည်ဖော်ဆောင် ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုရှိသည့် အနက် ထားဝယ်အထူးစီးပွားဇုန်စီမံကိန်း ကြီးသည် ပထမဦးဆုံးစတင်အကောင်အထည်ဖော်ခဲ့သည့် အကြီးမားဆုံးအထူးစီးပွားရေးဇုန် စီမံကိန်း ကြီးဖြစ်ပါကြောင်း၊ သို့သော် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာပြီး လုပ်ငန်းလျာထားချက်များ အတိုင်း ပြီးစီးခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ရေကြောင်းကုန်သွယ်ရေးကို အဓိကထားလုပ်ဆောင်ကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည် လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ၎င်းအခွင့်အရေးကိုအသုံးချ၍ ရေကြောင်းကုန်သွယ်မှု ဖြစ်ထွန်းတိုးတက်လာသည်နှင့်အမျှ အဆိုပါနယ်မြေသာမက တစ်နိုင်ငံလုံးအတွက်ပါ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်မည်ဆိုပါက ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့အား ဆက်သွယ်ပေးနိုင်မည့် တံခါးပေါက်တစ်ခုဖြစ်လာပြီး ကုန်စည်ပို့ဆောင် ထောက်ပံ့ရေးလမ်းကြောင်းကို အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး မလက္ကာရေလမ်းကြောင်း ကြမ်းမှုကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင် မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံ ဒေသအတွင်း အကျိုးဖြစ်ထွန်းစေ နိုင်မည်ဖြစ်ပါကြောင်း၊
စီမံကိန်းနှင့်ပတ်သက်၍ ချုပ်ဆိုခဲ့သော စာချုပ်များအရ စီမံကိန်းအား ပင်မစီမံကိန်းနှင့် ကနဦးစီမံကိန်း ဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် စေရန်နှင့်ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ထားဝယ်ခရိုင်တွင် လူဦးရေစုစုပေါင်း ၄၇၀၀၁၅ ဦးရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံရောက်ရှိနေသူစုစုပေါင်းမှာ ၁၂၁၈၀၄ ဦးရှိပါကြောင်း၊ ထိုင်းနိုင်ငံရောက်နေသောဒေသခံများသည် မိမိဒေသပြန်လည်ခြေချနိုင်ရေး ပြန်လည် မျှော်လင့်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသအတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေသော၊ စီမံကိန်းကြီးကို အကောင်အထည်ဖော် ရေးနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းပါသည်။