(က)-ဓနုဖြူမြို့နယ်၊ ရှေးဟောင်း သံစောင်းတန်း နှင့် ပိဋကတ်သုံးပုံ ကျောက်စာတိုက်ကို ပြုပြင် မွမ်းမံပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဓနုဖြူမြို့ကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀ ခန့်က ပျူ၊ ဓနုလူမျိုးတို့မှစတင်ပြီး ထူထောင်ခဲ့သည်ဟု သိမှတ်ခဲ့ရပါကြောင်း၊ ယခုမေးခွန်းတွင်ပါဝင်သည့် ရှေးဟောင်းတန်ဆောင်းတန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာတိုက်ကို ၁၂၈၁ ခုနှစ်မှ ၁၂၉၁ ခုနှစ်ထိ ၁၀ နှစ်၊ ၁၀ မိုး အလှူ့ဒါယိကာဖြစ်သည့် ဦးအောင်ဇံ၊ ဒေါ်နှင်းယု၊ ဒေါ်နှင်းအိမိသားစုက ပဓာဏပြုပြီး ဆွေမျိုးတစ်ခုခုက ကောင်းမှုဓမ္မဒါနပြုသည့် သာသနိကဒါန ဖြစ်ပါကြောင်း၊ ၎င်း အဆောက်အဦကြီးများသည် ယနေ့ကာလဆိုလျှင် နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်သဖြင့် ဟောင်းနွမ်းဆွေးမြေ့လာပါကြောင်း၊ သို့သော် အမျိုးဘာသာ၊ သာသနာကို ချစ်ခင်မြတ်နိုး လေးစားသည့် ရဟန်းသံဃာများ၊ ဒကာ၊ ဒကာမများ၊ နိုင်ငံတော်အစိုးရအပါအဝင် အားလုံးက ခေတ်အဆက်ဆက်တွင် ပြုပြင်မွမ်းမံထိန်းသိမ်း ခဲ့ကြသဖြင့် ယနေ့တိုင်အောင်ရှေးမူ မပျက်ရှိခဲ့ပါကြောင်း၊ ထိုကျောက်စာတိုက်ကိုဖြင့် ရှေးဟောင်းသုတေသီများ၊ စာပေမြတ်နိုးသူများသည် ပြည်တွင်း/ပဧည့်သည်များ နေ့စဉ်နှင့်အမျှ လာရောက်ပြီး လေ့လာကြပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားသား ၁၀ နိုင်ငံဧည့်သည်များ ၁၉၃၆ ဦး၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်ခါနီးထိ ၁၁၀၉ ဦး စုစုပေါင်းလာရောက် ခဲ့ကြပါကြောင်း၊ ကျောက်စာချပ်ပေါင်း ၃၉၉ ချပ်၊ သုံးရောင်မောင်ချိုး ၉၉ ဆိုပြီး စာချိုးလေးရှိပါကြောင်း၊ ထို့နောက် ဝိနယပိဋကတ်၊ ဝိနည်းပိဋကတ်၊ သုတ္တံပိဋကတ်၊ အဘိဓမ္မာပိဋကတ်၊ ဝိနည်းပိဋကတ်က ၁၂၈ ချပ်၊ သုတ္တံပိဋကတ်က ၄၁ ချပ်၊ အဘိဓမ္မာကျောက်စာချပ်က ၂၃၀ ချပ် စုစုပေါင်း ၃၉၉ ချပ်ဖြစ်ပါကြောင်း၊ ယခုအခါ ဓနုဖြူမြို့နယ်၊ ရှေးဟောင်းသံစောင်းတန်းနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကို ပြုပြင်မွမ်းမံပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။