(ဂ)-မင်းတုန်း မြို့နယ်၊ မြို့နယ် လျှပ်စစ်မှူးရုံးတွင် အမှန်တကယ်လိုအပ်နေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မင်းတုန်းမြို့၏ မြို့နယ်လျှပ်စစ်မှူးရုံးသည် လွန်ခဲ့သော ၁၉၆၇ ခုနှစ်ကတည်ဆောက်ခဲ့သည့် ဒီဇယ်ဖြင့် အသုံးပြုသော မီးစက်ထားရှိရာ မီးစက်ရုံဖြစ်ပါကြောင်း၊ ဒီဇယ်မီးစက်ထားရှိရန်အတွက် သွပ်မိုးသွပ်ကာ အဆောက် အဦသည် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီး အလွန်အိုဟောင်းနေသော အဆောက်အအုံတစ်ခု ဖြစ်ပါကြောင်း၊ ယခုလက်ရှိမြို့နယ်လျှပ်စစ်မှူးရုံးခန်းသည် မီးစက်ရုံကြီး၏ညာဘက်ဘေးတွင် အခန်းကျဉ်းလေးကန့်ထားပြီး အလျား ပေ ၂၀၊ အနံ ၁၀ ပေ ရှိသော အခန်းကျဉ်းလေးတစ်ခုဖြစ်သည့်အတွက် စားပွဲနှစ်လုံးနှင့် ကုလားထိုင်ငါးလုံး ခန့်သာထားနိုင်ပြီး ရုံးထဲတွင်လိုအပ်လျက်ရှိသော ရုံးသုံးပရိဘောဂဟူ၍ ဗီရိုအဟောင်းတစ်လုံးသာရှိပါကြောင်း၊ ရုံးသီးသန့်မရှိသည့်အတွက် ရုံးသုံးစာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်မှာပုံထားရပါကြောင်း၊ လျှပ်စစ်ဝန်ထမ်းများ နေထိုင်ရန် လွန်ခဲ့သော ၁၉၆၈ ခုနှစ်က ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်ရာသည် နှစ်ပေါင်း ၅၀ နီးပါးကြာမြင့် ခဲ့ပြီ ဖြစ်သည့်အတွက် ကာရံထားသောပျဉ်များနှင့်တိုင်ခြေရင်းများကွာကျနေပြီး ကျားကန်ထားရပါကြောင်း၊ သို့ဖြစ် ပါ၍ ပြည်သူများ၏တာဝန်ကို အကျိုးရှိရှိထမ်းဆောင်နိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများပျော်ရွှင်စွာ အလုပ်လုပ်ကိုင် ချင်စိတ်ရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်ညီသော ရုံးခန်းရှိရန်လိုအပ်သည့်အတွက် မင်းတုန်း မြို့နယ်အတွင်းရှိ မြို့နယ်လျှပ်စစ်မှူးရုံး ဆောက်လုပ်ပေးရန်နှင့် ရုံးအတွင်းလိုအပ်လျက်ရှိသော ရုံးသုံးပရိဘောဂများ အမှန်တကယ်လိုအပ်နေသော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။