(ဃ)-ဖောင်းပြင်မြို့နယ်အား (၂၄) နာရီ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် ပင်လည်ဘူးမြို့နယ်မှ ဓာတ်အားလိုင်း သွယ်တန်း၍ ဓာတ်အား ပို့လွှတ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ဖောင်းပြင်မြို့နယ်သည် ရပ်ကွက်နှစ်ခု၊ ကျေးရွာပေါင်း ၁၇၈ ရွာ ရှိပြီး အိမ်ခြေပေါင်း ၂၁၀၀၀ ခန့်နှင့် လူဦးရေ ၁၂၅၀၀၀ ကျော်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်နှစ်ခုသည် အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁၄၀၀ ရှိပါကြောင်း၊ ယခင်နှစ်ပေါင်းများစွာက ဒီဇယ်လောင်စာသုံးသည့် လျှပ်စစ်ဓာတ်အားပေးစက်နှင့် တစ်ရက် နှစ်နာရီ ဓာတ်အားပေးခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစပြီးှ 500 KVA စက်နှင့် တစ်ရက် လေးနာရီ လျှပ်စစ်ဓာတ်အားပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ အဆိုပါဓာတ်အားပေးစက်နှင့် ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိရာ မြို့ပေါ်အိမ်ခြေ ၇၈၅ အိမ်ကိုသာ ဖြန့်ဖြူးပေးနိုင်ပြီး လျှပ်စစ်မီးမရရှိသေးသည့် အိမ်ပေါင်း ၅၀၀ ကျော်ကျန်ရှိနေသေးကြောင်း၊ ကျေးရွာများအထိ လက်ရှိလျှပ်စစ်ဓာတ်အားပေးစက်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန် အလှမ်းဝေးနေသေးပါကြောင်း၊ ဒီဇယ်ဓာတ်အားပေးစက်များသည် ကုန်ကျစရိတ်မြင့်မားသည့်အတွက် နိုင်ငံတော်အတွက် အရှုံးပမာဏ ကြီးမားပါကြောင်း၊ ဖောင်းပြင်ဒီဇယ်သုံးလျှပ်စစ်ဓာတ်အားပေးစက်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စက်သုံးဆီ ၁ နာရီလျှင် ၁၇ ဂါလန်ခွင့်ပြုထားပါကြောင်း၊ တစ်ညလေးနာရီအတွက် ဒေသန္တရ ပေါက်ဈေးတစ်ဂါလန် ၃၀၀၀ ကျပ်နှုန်းဖြင့် တစ်ည ၂၄၀၀၀၀ ကျပ်ကုန်ကျပြီး တစ်နှစ်ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ခုနရာလေးဆယ့်လေးသိန်းကျော်ပါကြောင်း၊ တစ်နှစ်အတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၂၀၂ သိန်းကျော်သာဖြစ်သည့်အတွက် စက်ချို့ယွင်းပြုန်းတီးမှုနှင့် ချောဆီတန်ဖိုးများမပါဘဲ တစ်နှစ်လျှင်ကျပ်သိန်း ၅၀၀ ကျော်ပါကြောင်း၊ ဖောင်းပြင်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အား လိုင်းမှ သွယ်တန်းရရှိနိုင်သည့် အနီးစပ်ဆုံးအခြေအနေမှာ ပင်လည်ဘူးမြို့မှ သွယ်တန်းရယူခြင်းဖြစ်ပါကြောင်း၊ ပထဝီအနေအထားအရ ကုန်ကျစရိတ်ကြီးမားသော်လည်း မဟာဓာတ်အားလိုင်းမှ ဓာတ်အားသွယ်တန်းခြင်းသည် ဒီဇယ်နှင့် ဓာတ်အားထုတ်ယူမှုနှင့် နိုင်ငံတော်အတွက် အရှုံးသက်သာပြီး ရေရှည်တွင် တွက်ခြေကိုက်လာလိမ့်မယ်ဟု ယူဆရပါကြောင်း၊
လျှပ်စစ်ဓာတ်အားကို ၂၄ နာရီပြည့်ဝစွာရရှိရေးသည် ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူ ဖြစ်စေနိုင်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိခြင်းသည် ထင်း၊ မီးသွေး၊ လောင်စာကိုသာ သုံးစွဲနေကြရသည့် လူမှုဘဝမှ ကျွတ်လွတ်ပြီး သဘာဝပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုကိုပါ ကာကွယ်ထိန်းသိမ်းပြီးသားဖြစ်သည့်အတွက်ကြောင့် ဖောင်းပြင်မြို့နယ်အား ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ပင်လည်ဘူးမြို့မှ လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်း၍ ဓာတ်အားပို့လွှတ်ပေးနိုင်ရန် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။