(င)-ဆရာ၊ ဆရာမ လိုအပ်ချက်အတွက် ပညာရေး တက္ကသိုလ်ဆင်းနှင့် ပညာရေး ကောလိပ်ဆင်းများ ကို ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဆရာ/မလိုအပ်ချက်များပြားချိန်တွင် ယခုပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ်ဆင်းနှင့်ပညာရေး ကောလိပ်ဆင်းများကို ခန့်အပ်ခြင်းမရှိသေးပါ။ နှစ်စဉ်နှစ်တိုင်း ပညာရေးတက္ကသိုလ်တွင် ငါးနှစ်တက်ပြီး ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် နောင်နှစ်ပညာသင်နှစ်တွင် ပညာရေးကောလိပ်ဆင်းများကိုလည်း ပညာသင်နှစ်အစတွင် မူလတန်းပြများ၊ အလယ်တန်းပြများအဖြစ် တန်းခန့်ပါကြောင်း၊ ဇူလိုင်လအထိ မနှစ်ကအောင်သည့် B.Ed ဆင်းများ၊ ပညာရေးကောလိပ်ဆင်းများကို ယခုပညာသင်နှစ်အတွက် မခန့်အပ်ရသေးပါကြောင်း၊ မနှစ်ကရန်ကုန်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်ဆင်း အယောက် ၅၀၀ ခန့်၊ ပညာရေးကောလိပ်ပေါင်း ၂၀ က ၄၀၀၀ ဦး၊ PPTT သင်တန်းဆင်း ၂၀၀၀ ဦး ခန့်စုစုပေါင်း ၆၀၀၀ ခန့် ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ပုံမှန်ခန့်အပ်နေကြ မခန့်အပ်သေးသည်မှာ မြန်မာ့ပညာရေးအတွက် နစ်နာသကဲ့သို့ ဘွဲ့ရကျောင်းဆင်းများအတွက်လည်း လုပ်သက်နစ်နာပါကြောင်း၊ ပညာရေးတက္ကသိုလ်၊ ကောလိပ်တက်သည့် ကျောင်းသား/သူများအတွက်လည်း ယုံကြည်မှုပျောက်ဆုံးသလို မျှော်လင့်ချက်မဲ့ပြီး နှောင့်နှေးကြန့်ကြာ သည့်အတွက် မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရပါကြောင်း၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်တွင် တက်ရောက်နေသည့် ကျောင်းသား/သူများက ဆရာ/မဖြစ်ရန် ရည်ရွယ်ဆုံးဖြတ်ပြီး တက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၎င်း ဘာသာရပ်ဖြင့် ဆရာ/မအဖြစ် လုပ်ကိုင်ခွင့် မရရှိပါက တခြားရွေးချယ်စရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလည်းမရှိပါကြောင်း၊ နောက်တစ်ခုက အလုပ်ခန့်သော်လည်း သွားရောက်တာဝန်ထမ်းဆောင်ရန် အဆင်မပြေသည့် အခြေအနေမျိုးများလည်း ရှိသည့်အခါရရှိသည့် အလုပ်ကို လက်လွှတ်ဆုံးရှုံးရခြင်းများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးတက္ကသိုလ်ဆင်းနှင့် ပညာရေးကောလိပ်ဆင်းများ ခန့်အပ်ပေးသည့် အစီအမံများနှင့်ပတ်သက်၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။