(စ)-ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ တက္ကသိုလ်လှေလှော်အသင်း ပိုင် အဆောက်အဦကို ငှားရမ်းထားခြင်းမှ ရုပ် သိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း(တက္ကသိုလ်များလှေလှော်အသင်း )ကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း တစ်ရာ ပြည့်ခါနီးပြီဖြစ်ပါကြောင်း၊ “ သေသည့်တိုင်လှော်ခတ်ကြမယ်” (Row Day Your Dead)ဟူသည့် ဆောင်ပုဒ်နှင့်အညီ တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားများ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို မွေးထုတ်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်သည် စာများကို လေ့လာ ကျက်မှတ်သင်ယူနေခြင်းသာ မဟုတ်ဘဲ နိုင်ငံရေး၊ လူမှုရေး၊ ခေါင်းဆောင်မှု၊ အားကစားနှင့် အနုပညာစသည်ဖြင့် အားလုံးကိုလေ့လာသင်ယူနိုင်သည့် အခြေအနေတစ်ခုဖြစ်ပါကြောင်း၊
ယခုအခါ တက္ကသိုလ်များလှေလှော်အသင်းအဆောက်အဦတစ်ခုလုံးပြင်ဆင် ဆောက်လုပ်ခဲ့ပြီး စားသောက်ဆိုင်တစ်ခုကို ငှားရမ်းခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်လည်းဖြစ်၊ ကျောင်းသူကျောင်းသားများ၏ အားကစား လေ့ကျင့်ရာစခန်းအတွင်းတွင် အရက်သေစာသောက် စားရောင်းချနေခြင်းသည်လည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ တက္ကသိုလ်၏ ဂုဏ်သိက္ခာ၊ အားကစားလောက၏ ဂုဏ်သိက္ခာကို အင်မတန် ထိခိုက်ပါကြောင်း၊
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းပေါ်ရှိ တက္ကသိုလ်လှေလှော်အသင်းပိုင် အဆောက်အဦအား ငှားရမ်းထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ရုပ်သိမ်းပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။