(ဆ)-မိုးညှင်းမြို့ ဒီဂရီကောလိပ်၏ ကျောင်းဝင်း မြေနေရာကို အကျယ်အဝန်း ပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

2017-08-30

မေးခွန်း အကြောင်းအရာ 

san san eiမိုးညှင်းမြို့နယ်သည် ဟိုပန်မြို့အပါအဝင် ကျေးရွာပေါင်း ၁၂၇ ရွာ၊ လူဦးရေ နှစ်သိန်းကျော်ရှိပါ ကြောင်း၊ ခရိုင်ရုံးစိုက်သည့်မြို့နယ် တစ်ခုဖြစ်သလို ပညာရေးကဏ္ဍတွင် ကချင်ပြည်နယ်၏ အောင်ချက် အကောင်းဆုံးပညာရေး မြို့လည်းဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၇ ကျောင်း၊ အထက်တန်းကျောင်း ၁၄ ကျောင်းရှိပြီး နည်းပညာကောလိပ်၊ ဒီဂရီကောလိပ်ကျောင်း များ လည်း ဖွင့်လှစ်ထားရှိပါကြောင်း၊

မိုးညှင်းဒီဂရီကောလိပ်ကျောင်းစီမံကိန်းကို ၂၀၀၀ပြည့်နှစ် တွင်စတင်ခဲ့ပြီး ရွာသစ်ကုန်းအုပ်စု၊ ထန်းတစ်ပင် ကျေးရွာ၏ OSS ကွင်း မြေနေရာဧက ၂၁၀ ကို သတ်မှတ်ရယူခဲ့ပါကြောင်း၊ သတ်မှတ် သည့်နေရာတွင် ထန်းတစ်ပင်ရွာသားများ၏ အခင်းမြေများ၊ လယ်မြေများ၊ ငါးကန်များလည်း ပါဝင် သွားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးသည့် ၂၀၀၃ ခုနှစ် ၁၂ လပိုင်းတွင် မိုးညှင်းဒီဂရီကောလိပ် ကို ကျောင်းသား ၃၂၂ ဦးနှင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာကြည်ရွှင်လက်ထက် ၂၀၁၂ခုနှစ်တွင် မန္တလေး-မြစ်ကြီးနားဟိုင်းဝေးမြို့ရှောင်လမ်းဖောက်လုပ်သည့်နေရာတွင် ထန်းတစ်ပင် ရွာ၏ ရွာလမ်းကိုဖောက်လုပ်ပေးရန်အတွက် အလျား ၁၂၅၀ ပေ x အနံ ၁၄၈ ပေ ဧရိယာအကျယ် စုစုပေါင်း ၄.၇၅ ဧကကို ကျောင်း၏ မြောက်ဘက်ဧရိယာမှဖယ်ပြီး တောင်ဘက် ၁၄.၇၂ ဧကကို ပြောင်းယူရန်အတွက်  ရွာသားများနှင့် ကျောင်းအုပ်ကြီးတို့ ညှိနှိုင်းပြီးပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ယခု ၂၀၁၄ ခုနှစ်တွင် ၎င်းစွန့်လွှတ်မြေဧကနှင့်ပတ်သက်ပြီး ရွာသား၁၃ ဦး တရားစွဲဆိုခံခဲ့ရပါကြောင်း၊ မြို့ရှောင်လမ်းဖောက်လုပ်ခဲ့ခြင်းကြောင့် သိမ်းဆည်းခံနေခဲ့ရသည့် မြေယာပြဿနာများကို အခုချိန်ထိ ဖြေရှင်း နေရဆဲဖြစ်ပါကြောင်း၊

ပိုင်ဆိုင်ခွင့်အငြင်းပွားမှု မြေယာပြဿနာများကို ကျောင်းအုပ်ကြီးအဆက်ဆက်တွင် နောက်နောင်မဖြစ်ပွားစေရန် ကျောင်းဆောက်ခြင်း၊ လမ်းဖောက်ခြင်းများကြောင့် ရပ်ရွာဖွံ့ဖြိုး တိုးတက်ပြီး ရပ်ရွာသားများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာရမည့်အစား မြေယာ အမှုအခင်း ပြဿနာများကြောင့် ရဲစခန်းရောက်၊ တရားရုံးများရောက်ပြီး ရုံးချိန်းများစွာနှင့် ဒုက္ခဆင်းရဲကြုံနေ ကြရသည့် ရွာသားများ၏လူမှုအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် မိုးညှင်းဒီဂရီကောလိပ် ကျောင်းဝင်း မြေနေရာကို ပြန်လည်တိုင်းတာသတ်မှတ်ပေးရန်နှင့် မြေစာရင်းမြေပုံ(၁၀၅)၊ (၁၀၆)ကို အသစ်ရေး ဆွဲစေရန် အတွက် ညွှန်ကြားဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိနှင့် အဆိုပါစွန့်လွှတ်မြေဧက အကြောင်းကို ရှင်းလင်းစွာသိလိုပါကြောင်းမေးမြန်းပါသည်။