(ခ)-သစ်တောပြုန်းတီးမှုနှင့် လယ်ယာမြေပဋိပက္ခ ဖြစ်ခြင်းမှကာကွယ်ရန်၊ရွှေ့ပြောင်းတောင်ယာစိုက် ပျိုးခြင်း စနစ်အားအစားထိုးရန်အတွက် ခိုင်မာကျစ် လစ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံကိန်းများ လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2017-08-31

မေးခွန်း အကြောင်းအရာ 

dr khin si thuရွှေ့ပြောင်းတောင်ယာစနစ်သည် သစ်တောနည်းဥပဒေများ၏ ပုဒ်မ ၂ ပုဒ်မခွဲ(ဍ)အရ ရွှေ့ပြောင်း တောင်ယာဆိုသည်မှာ သစ်ပင်ခုတ်လှဲခြင်း၊ မီးရှို့ခြင်းဖြင့် တစ်နေရာထဲတွင် အတည်တကျ ထွန်ယက်စိုက်ပျိုးခြင်း မရှိဘဲ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည်သစ်တောပြုန်းတီးစေသည့်အဓိကအကြောင်းအရင်း(၅)ချက်ထဲက (၁) ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုအနေအထားသည် ၁၉၉၀ ခုနှစ်မှ  ၂၀၁၀ ပြည့်နှစ်အထိ ဝ.၉၉ ရာခိုင်နှုန်း၊  ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ၁.၇၃ ရာခိုင်နှုန်းထိရှိပြီး နှစ်စဉ်ဟတ်တာပေါင်း ၅၄၆၀၀၀ ခန့် ပြုန်းတီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ရွှေ့ပြောင်း တောင်ယာစနစ်ကြောင့် မိုးရေခေါင်းပါးမှု၊ မြေဆီလွှာခန်းခြောက်မှုကို ဖြစ်စေသည့် အပြင် ၎င်းတောင်ယာအတွက် သစ်တောပင်များ မီးရှို့မှုကြောင့် Carbon ဓာတ်ငွေ့များ ထုတ်လုပ်မှုကို လည်း ဖြစ်ပေါ်စေပါကြောင်း၊

  ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးစိုက်ပျိုးရသည့်တောင်သူများသည် စိုက်ပျိုးစရာ ကိုယ်ပိုင်မြေတွေမရှိဘဲ ၎င်းတို့၏ အသက်ရှင်ဘဝရပ်တည်ရေးအတွက် တောင်ပေါ်တက်ကုန်းမြင့် ပေါ်တက်ပြီး ဒုက္ခကြီးစွာနှင့် စိုက်ပျိုးနေရခြင်းဖြစ်ပါကြောင်း၊

ရှေးအစဉ်အဆက်အစိုးရက ရွှေ့ပြောင်းတောင်ယာပပျောက်ရေးစနစ်ကို ကျစ်လစ်သည့်ဥပဒေ၊ နည်းဥပဒေနှင့် ထိရောက်စွာအရေးတယူဆောင်ရွက်မှုပေးရန် အားနည်းခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်အောက်၌ လယ်ယာကဏ္ဍတွင် ရွှေ့ပြောင်း တောင်ယာ စနစ်ပပျောက်စေရန် ပညာပေးလေ့ကျင့်ပေးမည်ဟူ၍လည်း ကြေညာပြီးဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာသည် သစ်ပင်ကြီးငယ်ဝါးပင်ခြုံပင်များကို အကုန်ခုတ် မီးရှို့ရခြင်းဖြစ်သည့် အတွက် Eco System ပျက်စီးခြင်း၊ Carbon များစွာထွက်ခြင်း၊ တောနက်များ မရှိတော့ဘဲ သားကောင်တိရစ္ဆာန်များလည်း မရှိသလောက်ရှားပါးလာခြင်း၊ ရာသီဥတုများ ဖောက်ပြန်လာ ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းထက် အစားထိုး စီးပွားရေးပုံစံဖြင့် (၁၂)လရာသီစိုက်ပျိုးရသည့် အသီးအနှံ၊ အစားထိုးသီးနှံစိုက်ပျိုးခြင်းကို ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် (၁)ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်နှင့် နှစ်ပေါင်းများစွာတောင်ယာ စိုက်ပျိုးသူ များကို ၎င်းတို့၏ ဆင်းရဲတွင်းမှလွတ်မြောက်ရန်၊ သစ်တောပြုန်းတီးမှုကာကွယ်ရန်၊ လယ်ယာမြေ ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်ရန်ကို အခြေခံပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်အား အစားထိုးရန်အတွက် ခိုင်မာ ကျစ်လစ်သည့်မူဝါဒဥပဒေ၊ နည်းဥပဒေများ၊ စီမံကိန်းများ လုပ်ဆောင်ရန်အစီအစဉ်ရှိ/မရှိ၊ (၂) မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်နှင့် (၃) ရှိပါက မည်သို့မည်ပုံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။