(ဂ)-ခရမ်းမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင်ကြက်၊ ငါး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် မည်သို့ကူညီပံ့ပိုးပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

2017-08-31

မေးခွန်း အကြောင်းအရာ 

dr aye minရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ကြပြီး စိုက်ပျိုးမြေဧကပေါင်း ၁၂၀၀၀၀ ကျော်၊ မွေးမြူရေးကန်ဧရိယာပေါင်း ၆၅၀၀ ခန့်နှင့် အခြားနည်းလုပ်ငန်း လုပ်ကိုင်ခွင့်ဧရိယာပေါင်း ၁၈၀၀ ခန့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် မကျသေးသည်မှာ ၄၅၀၀ ပတ်ဝန်းကျင်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ငါးကန်နှင့် ကြက်ခြံတွဲပြီး လုပ်ကိုင်ကြပြီး ငါးမွေးမြူခွင့်လုပ်ငန်းလုပ်ကိုင်ရန် တစ်ဧကကို တစ်နှစ်လျှင် သုံးထောင်ကျပ် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရပါကြောင်း၊ အများစုသည် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းသမားများဖြစ်ပြီး ငွေအရင်းအနှီးမြောက်မြားစွာနှင့် လုပ်ကိုင်ကြသူများလည်းရှိပါကြောင်း၊

တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများနှင့် ရင်ဆိုင်နေရသည့်အခက်အခဲများသည် ငှေအရင်း အနှီးဖြစ်ပြီး ကြက်အကောင်တစ်ထောင်ကို သိန်း ၄၀ မှ ၅၀ ရင်းရသည့်အတွက် ပြင်ပ ငွေရှင်ဆီက ငါးကျပ်တိုး၊ တစ်ဆယ်တိုးပေးဖြင့် ငွေချေးငှားရပါကြောင်း၊ ထို့ကြောင့် ပုံစံ(၇)ရ လယ်သမားကဲ့သို့ နှစ်ချင်းဆပ် သို့မဟုတ် နှစ်လတ် ချေးငွေ ချေးပေးမည်ဆိုပါက ပိုမို အဆင်ပြေပါကြောင်းနှင့် ဥပဒေအရ ဖြေလျော့မှုများ ဆောင်ရွက်ပေးရန်လည်း အကြံပြုချင်ပါကြောင်း၊ နိုင်ငံတော်နှင့် ဒေသခံများအတွက် အကျိုးပြုလုပ်ငန်းဖြစ်ခြင်းကြောင့် စိတ်ချလက်ချတရားဝင်လုပ်ကိုင်ခွင့် ရရှိစေရန် စီစဉ်ပေးခြင်း၊ သင့်လျော်သည့်ဖြေလျော့မှုနှင့် စည်းကမ်းသက်မှတ်ချက်များ၊ အခွန်အခနှုန်းများ သတ်မှတ်ပြီး လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ပိုမို အဆင်ပြေနိုင်ပါကြောင်း၊

ထို့ပြင် ခေတ်မီနည်းပညာများ၊ မွေးမြူရေးနည်းပညာ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ရောဂါများ၊ ဆေးဝါးများ၊ အစာစပ်ပုံစပ်နည်းများ၊ သား၊ ငါးသိုလှောင်သည့် နည်းပညာများ လိုအပ်သည့် အတွက် ခေတ်မီနည်းပညာများကို သက်ဆိုင်ရာကတာဝန်ယူပြီး ပို့ချပေးမည်ဆိုပါက လုပ်ငန်းငယ်များအတွက် အင်မတန်အဆင်ပြေမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ခရမ်းမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ကြက်၊ ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မည်သို့ကူညီပံ့ပိုးပေးမည်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။