(ဃ)-နမ့်အွန်ရေတံလျှောက် ရေရှည်တည်တံ့ ခိုင် မြဲရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-08-31

မေးခွန်း အကြောင်းအရာ 

sai ngaung seng heinနမ့်အွန်ရေတံလျှောက်သည် မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာတွင် တည်ရှိပြီး နမ့်အွန်ရေထွက်မှ စုစည်းရေများကို စိုက်ဧက ၂၀၀ ဝန်းကျင်သို့ ရေတံလျှောက်မှတစ်ဆင့် ပေးပို့လျက်ရှိပါကြောင်း၊ ၎င်း၏ပိုလျှံရေများသည် နားဆိုင်းဆည်အတွင်းသို့စီးဝင်၍ အထောက်အကူ ပြုပေးပါကြောင်း၊ ယခင်လွှတ်တော် သက်တမ်းတွင် နမ့်အွန်ရေတံလျှောက်ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြန်လည်ပြုပြင်မွမ်းမံထားပါကြောင်း၊ နမ့်အွန် ရေတံလျှောက်သည် ရှေးယခင်က မရှိမဖြစ်ဆောင်ရွက်ထားသော ရေတံလျှောက်ဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားတွင် သံပေါင်သံရင်းမှ တစ်ဝက်တစ်ပျက် တပ်ဆင်ထားသည့်အတွက် ထပ်မံတပ်ဆင်ပေးရန် လိုအပ်နေပါကြောင်း၊ ရေတံလျှောက်ပင့်ထိန်းထားသည့်တိုင်များကို ကျောက်စီကွန်ကရစ် ဆောင်ရွက်ပေးနိုင် ခဲ့သော်လည်း ယခုလက်ရှိအလယ်တိုင်နှစ်လုံးသည် လျှိုဝင်လမ်း၊ လျှိုအောက်ရေဝင်လမ်းတည့်တည့် ကျရောက် နေပါသဖြင်‌့ အောက်ခြေဘက်ရေစီးကြောင်း၏ ထိုးဖောက်မှုဒဏ်ကြောင့်‌ ပျက်စီးစပြုနေပါကြောင်း၊ အလယ် တိုင်နှစ်တိုင်ပြိုလဲပါက ရေတံလျှောက်ခါးလယ် ကျိုးကျမည်ဖြစ်ပါကြောင်း၊ ရေတံလျှောက်အထက်ဘက် ရေဝင် လမ်းကြောင်းနေရာတွင်လည်း ရေလွှဲပေါက်နှင့် ရေတံခါးများ ထိန်းသိမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရေတံလျှောက်ရေဝင်လမ်းကြောင်းများကိုလည်း ကျောက်စီမြောင်းအဖြစ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ်တွင် ကျူပင်၊ ကိုင်းပင်များ ထူထပ်စွာပေါက်ရောက်သည့်အတွက် ရေဝင်လမ်းကြောင်းပိတ်ဆို့ပြီး ရေစီး ကြောင်းပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရပါကြောင်း၊ ဤအခြေအနေကို တောင်သူဦးကြီးများ စုပေါင်းထည့်ဝင်ငွေဖြင့်‌ မြေတူးစက်ကြီးများငှားရမ်းပြီး ဖြေရှင်းခဲ့ရပါကြောင်း၊ ယခုခေတ်တွင် ငွေကြေးကောက်ခံရန်မလွယ်ကူခြင်း၊ လုပ်အား ဆင့်ခေါ်ရန်မလွယ်ကူခြင်းတို့ကြောင့် ရေတံလျှောက်ကို တောင်သူများ ရေရှည်တွင် ထိန်းသိမ်းဆောင်ရွက်သွားရန် မလွယ်ကူသည့်အတွက် ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်မှုပြုပေးပါရန်လည်း တင်ပြအပ်ပါကြောင်း၊ မေးခွန်း(၁) နမ့်အွန်ရေတံလျှောက်၏ လိုအပ်သည့်ပြုပြင်မွမ်းမံမှုများဖြစ်သော သံပေါင်သံရက်မ ဆက်လက် တပ်ဆင်ပေးခြင်း၊ ကွန်ကရစ်တိုင် အောက်ခြေမွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၂) နမ့်အွန်ရေတံလျှောက် ရေဝင်လမ်း၊ ရေထိန်းတံခါးနှင့် ရေလွှဲတံခါး တပ်ဆင်ပေးရန်၊ ရေဝင်လမ်းကြောင်းထိပ်မှ ရေထွက်ဦးအထိ ကျောက်စီနံရံထိန်းဆောင်ရွက်ပေးရန် အစီအစဉ်များ သိရှိလိုပါကြောင်း၊ မေးခွန်း(၃) နမ့်အွန်ရေတံလျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။