(က)-ခန္တီးမြို့နယ်တွင်ပါရှိသော ပါးရိုကျေးရွာကျေး လက်ကျန်းမာရေးဌာနကိုပါးရိုကျေးရွာတိုက်နယ်ဆေး ရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပါးရိုကျေးရွာသည် ခန္တီးမြို့နှင့် ၄၅ မိုင်ကွာဝေးပြီး ချီလီကျေးရွာနှင့် ထန်ပါခွေမြို့နယ်ခွဲ ကားလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်နိမိတ်ထိစပ်သည့် တောင်ပေါ်ဒေသ နာဂတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာလည်း ဖြစ်ပါကြောင်း၊ ကားလမ်း ရှိသော်လည်း မြေသားလမ်းဖြစ်သဖြင့် ပွင့်လင်းရာသီကာလမှသာ ကားများ သွားလာနိုင်သော်လည်း မိုးရာသီကာလ၌ ကားများသွားလာ၍ မရတော့သဖြင့် တောင်တက်တောင်ဆင်းလမ်းများဖြစ်ပြီး သွားလာရေး အလွန်ခက်ခဲသည့်ဒေသဖြစ်ပါကြောင်း၊
ပါးရိုကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားသော်လည်း ပါးရိုကျေးရွာအုပ်စုတွင် လူဦးရေ ၈၉၆ ဦးရှိပြီး အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မော်တောကျေးရွာ အုပ်စုလူဦးရေ ၃၀၉ ဦး၊ ခမွန်းကျေးရွာအုပ်စု လူဦးရေ ၆၅၆ ဦး၊ ကျေးရွာအုပ်စု လူဦးရေ ၉၆၈ ဦး၊ ကျောက်ရောကျေးရွာအုပ်စု လူဦးရေ ၃၅၅ ဦး၊ ပါရှောင်ကျေးရွာအုပ်စု လူဦးရေ ၅၅၉ ဦးနှင့် နယ်နိမိတ်နီးစပ်သည့် လဟယ်မြို့နယ်အတွင်းရှိ ကျောက်ခယ်ရွာမ လူဦးရေ ၃၉၀ ဦး၊ အာရကျင်ကျေးရွာမှ လူဦးရေ ၂၈၁ ဦး စုစုပေါင်းလူဦးရေ ၄၄၁၄ ဦးရှိသည့် ဒေသဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ခန္တီးမြို့သို့ လာရောက်ကုသမည် ဆိုပါကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သွားလာအစားအသောက် စရိတ်အတွက် ငွေကြေး အခက်အခဲကြုံတွေ့ရခြင်း၊ လမ်းခရီးကွာ ဝေးခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးနေရခြင်းများ ကြုံတွေ့နေရပါကြောင်း၊
ထို့ကြောင့် ဒေသ၏ လိုအပ်ချက်အရ တိုက်နယ်ဆေးရုံတိုးမြှင့်ဖွင့်လှစ်ပေးမည်ဆိုပါက တောင်ပေါ်ဒေသနေ နာဂတိုင်းရင်းသားများအတွက် ဆရာဝန်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားတို့၏ ရောဂါအခြေအနေဆိုးမှ ကုသခံယူခြင်းမျိုးမဟုတ်ဘဲ မိမိကိုယ်ကို ကျန်းမာရေးကြိုတင် ကာကွယ်စောင့်ရှောက်နိုင်သည့် အသိပညာများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပါးရိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ဖွင့်လှစ်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။