(ခ) - ပင်းတယမြို့နယ်၊ပြည်သူ့ဆေးရုံကို ခုတင် (၅၀)ဆံ့ဆေးရုံ အဖြစ်မှခုတင်(၁၀၀)ဆံ့ဆေးရုံ အဖြစ်သို့တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ပင်းတယမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီးအဖွဲ့ ရုံးစိုက်ရာမြို့လည်း ဖြစ်ပါကြောင်း၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံသည် ပင်းတယမြို့နယ် တစ်မြို့နယ်တည်းသာမဟုတ်ဘဲ အနီးအနား ပတ်ဝန်းကျင်ရှိ ရပ်စောက်၊ ရွာငံ၊ ပေါ်ဆိုင်း၊ ဟဲဟိုးစသည့်မြို့များရှိ လူနာများပါ ဆေးကုသမှုခံယူနေသည့် ဆေးရုံကြီးလည်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ဓနု တိုင်းရင်းသားလူမျိုးများသာမက တွန်ရိုး၊ ပအိုဝ်း၊ ပလောင်တိုင်းရင်းသား အားကိုးအားထားရာ ဆေးရုံ လည်းဖြစ်ပါကြောင်း၊ မြို့နယ်လူဦးရေ ၈၀၀၀၀ ကျော်ရှိပါကြောင်း၊ ထို့ကြောင့် မူလက ၂၅ ခုတင်ဆံ့ ဆေးရုံရှိခဲ့ရာမှ ၂၆-၃-၂၀၁၄ ရက်နေ့တွင် ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အဆင့်မြင့်တင် တိုးမြှင့့်ပေးခဲ့ပါကြောင်း၊ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ထမ်းအင်အားကို တိုးချဲ့ခန့်ထားခဲ့ပါကြောင်း၊
ဤသို့တိုးချဲ့ခန့်ထားသော်လည်း လက်ရှိအခြေအနေတွင် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသည် ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် ၅၁၁၇ ဦး၊ ပြင်ပ လူနာ ၂၈၂၅၁ ဦးကို ထိရောက်စွာကုသပေးနေတာ တွေ့မြင်နေရပါကြောင်း၊ နေ့စဉ်အတွင်းလူနာအနေဖြင့် တစ်နေ့ပျမ်းမျှအတွင်းလူနာ ၈၀ မှ ၁၀၀ အထိရှိနေပြီး ပြင်ပလူနာအနေဖြင့် တစ်နှစ်ကို ၁၀၀ ခန့်မှ ၁၂၀ အထိ ဆေးကုသမှုပေးနေသည်ကို တွေ့မြင်နေရပါကြောင်း၊ ထို့ကြောင့် လူနာခုတင်အသုံးပြုမှုနှုန်းကို လေ့လာကြည့်ပြန်ရင်လည်း ခွင့်ပြုခုတင် ၁၆၉ ရာခိုင်နှုန်းရှိပြီး သုံးစွဲခုတင် ၁၂၁ ရာခိုင်နှုန်းရှိနေပါကြောင်း၊ ထို့ကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ်မှ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။