(ခ)-ထီးလင်းမြို့နယ်အတွင်းရှိ ရေမျက်နီကျေးရွာနှင့် ကျင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့ အားတက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာနအဖြစ်ဖွင့် လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2016-11-21

UMLOမကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်သည် မြို့နယ်တစ်နယ်လုံးမှာမှ တက္ကသိုလ်ဝင်တန်းဝင် စာစစ်ဌာနသည် ထီးလင်းမြို့ (အ.ထ.က) တစ်ခုတည်းရှိပါကြောင်း၊ အ.ထ.က တစ်ခုတည်းတွင် တစ်မြို့နယ်လုံးရှိ အ.ထ.က ခွဲကျောင်း ပေါင်း ခုနှစ်ကျောင်းမှ ကျောင်းသူ/သား ၇၆၀ ကျော်ခန့်သည် နှစ်စဉ်လာရောက်ပြီး စာမေးပွဲဖြေဆိုကြရပါကြောင်း၊ ယခုလိုဖြေဆိုကြသည့်နေရာတွင် နေရာထိုင်ခင်းအခက်အခဲများ၊ စားသောက်ရေးအခက်အခဲများ၊ ကျန်းမာရေး အခက်အခဲများ မျိုးစုံကြုံတွေ့နေရခြင်းမှာ မျက်မြင်ဖြစ်ပါကြောင်း၊ ၎င်း ကြုံတွေ့နေရသည့် အခက်အခဲဆုံး ကျောင်းနှစ်ကျောင်းဖြစ်သည့် ရေမျက်နီ (အ.ထ.က) နှင့် ကျင်း (အ.ထ.က) တို့ ဖြစ်ပါကြောင်း၊ ‌ရေမျက်နီ ကျေးရွာဆိုလျှင် ထီးလင်းမြို့နယ်နှင့် ၂၈ မိုင်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲစွာသွားလာရသည့် အတွက်ကြောင့် အင်မတန် အန္တရာယ်များပြားသော လမ်းတစ်သာဖြစ်ပါကြောင်း၊ ကျင်းကျေးရွာဆိုလျှင်လည်း ထီးလင်းမြို့နယ်နှင့် ၂၃ မိုင်ဝေးကွာပြီး ကြားတွင် ပုညာတောင်ကို ဖြတ်ကျော်လာရသည့် အတွက်ကြောင့် လမ်းခရီးတွင် အန္တရာယ်များသော လမ်းဖြစ်ပါကြောင်း၊ ရေမျက်နီ (အ.ထ.က)၊ ကျင်း (အ.ထ.က) ကျောင်းများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖွင့်လှစ်ခွင့် သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကျန်းမာရေးအတွက် ဆေးရုံ၊ လုံခြုံရေးအတွက် ရဲကင်း၊ရဲစခန်းများလည်း ရှိနေပြီဖြစ်ပါကြောင်း၊ ရေမျက်နီကျေးရွာ၏ နယ်နိမိတ် မှာ ကျေးရွာပေါင်း ၁၉ ရွာမှ အ.ထ.က ကျောင်းတစ်ကျောင်း၊ အ.လ.က ကျောင်းခွဲသုံးကျောင်း၊ မူလွန်ကျောင်းငါးကျောင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းရှိသည့် အတွက် အမှန်တကယ် စာစစ်ဌာန ဖွင့်လှစ်ပေးမည်ဆိုပါက ကြီးကြပ်ရေးမှူးများ၊ စာမေးပွဲအခန်းစောင့်များအတွက်လည်း လုံလောက်အောင် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ နယ်မြေသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးနှင့်လည်း ဆက်ဆံပြီး မေးခွန်း Date များ ဆောက်လုပ် ပြီးပြီဖြစ်ကြောင်း မိမိတို့ သိရှိရပါကြောင်း၊

ရေမျက်နီဒေသ၊ကျင်းဒေသတို့ကို သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည့်အခါ သူတို့၏ဒေသတွင် စာစစ်ဌာန ဖွင့်လှစ်ပေးနိုင်ရေးအတွက် အကြိမ်ကြိမ် တောင်း ဆိုကြပါကြောင်း၊ စာစစ်ဌာနများ ချပေးမည်ဆိုပါကလည်း ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရာ ရောက်မည်ဆိုသကဲ့သို့ ပညာရေးအခန်း ကဏ္ဍကို လည်း မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသည့် ဝန်ထုပ် ဝန်ပိုးများကိုလည်း ဖြေလျှော့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်း လိုသည်မှာ ထီးလင်းမြို့နယ်အတွင်းရှိ နေမျက်နီကျေးရွာနှင့် ကျင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အား တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။