ဂ)-သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိမူလတန်းကျောင်း အချို့နှင့်အ.ထ.က၊အ.ထ.က(ခွဲ)များရှိမူလတန်းအဆင့် တွင်ကျောင်းသားများနှင့်ဆရာအချိုးမမျှမတဖြစ်ခြင်း အပေါ်မျှတမှုရှိလာအောင်မည်သို့ဆောင်ရွက်မည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
သင်္ဃန်းကျွန်းမြို့နယ်သည် လူဦးရေ ထူထပ်များပြားသည့် မြို့နယ်တစ်ခု ဖြစ်သည့်အတွက် ရပ်ကွက်တိုင်းတွင် မူလတန်းကျောင်းများ ရှိပါကြောင်း၊ မူလွန်ကျောင်းမှလွဲ၍ မူလတန်းကျောင်း စုစုပေါင်း ၃၃ ကျောင်းရှိပါကြောင်း၊ ထိုကျောင်း ၃၃ ကျောင်း ထဲတွင် မူလတန်းကျောင်း ၁၀ ကျောင်းသည် ရှိသင့်သည့် ကျောင်းသားအရေအတွက်ထက် နည်းပါးနေသည်ကို တွေ့ရပါကြောင်း မူလတန်းကျောင်း ၂ ကျောင်းသည် ကျောင်းသား ၁၀ ယောက်နှင့် ၁၂ ယောက်ခန့်သာ ရှိသည့်အတွက် ဆရာမတစ်ယောက်ကို ကျောင်းသား နှစ်ယောက်၊ သုံးယောက်လောက်သာ သင်ကြားနေရသည်ကို တွေ့ရပါကြောင်း၊
ထိုကဲ့သို့ မူလတန်းကျောင်းများ၌် ကျောင်းသားအရေအတွက် အလွန်နည်းနေချိန်တွင် အထက်တန်းကျောင်းတချို့၌ အထက်တန်းကျောင်းများတွင်ရှိသော မူလတန်းကျောင်းသား အရေအတွက်သည် အဆမတန် များပြားနေသည်ကို တွေ့ရပါကြောင်း၊ အ.ထ.ကကျောင်းများ တွင် မူလတန်းအဆင့် ကျောင်းသားအရေအတွက် များသည့်အတွက် ဆရာဆရာမ တစ်ယောက်လျှင် ကျောင်းသား ၅၀ မှ ၆၀ အထိ သင်ကြားနေရပါကြောင်း၊ ဆရာနှင့် ကျောင်းသား မျှတမှုမရှိသည့်အတွက် သင်ကြားမှုမှာလည်း ထိရောက်မှုအားနည်းမည်မှာ သေချာပါကြောင်း၊ အ.ထ.ကကျောင်းများတွင် မူလတန်းကျောင်းသားအရေအတွက် များပြားရသည့် အဓိက အကြောင်းအရင်းမှာ ရပ်ကွက်မူလတန်းကျောင်းများ အောင်မြင်ပြီး မိမိတက်လိုသည့် အထက်တန်းကျောင်းများကို တက်ခွင့်မရမည်စိုး၍ မူလတန်းအဆင့်ကတည်းက အထက်တန်းကျောင်းများတွင် စုပြုံအပ်နှံရခြင်းဖြစ်ကြောင်း မိမိတို့ မေးမြန်းသိရှိရပါကြောင်း၊ ထို့ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်းတချို့နှင့် အ.ထ.က၊ အ.ထ.က(ခွဲ)ကျောင်းများရှိ မူလတန်းအဆင့်မှာ ကျောင်းသားနှင့် ဆရာအချိုး မမျှမတဖြစ်နေခြင်း အပေါ် မျှတမှုရှိလာစေရန် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။