(ဃ)-ဒီမိုကရေစီစနစ်ဖော်ဆောင်ရာ၌နိုင်ငံသားများ ဒီမိုကရေစီအလေ့အကျင့်ရစေရန်နှင့် ပြည်သူလူထု အသိအမြင်မှန်စေရန်၊ လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2016-11-21

(ဃ)-ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် နိုင်ငံသားများ ဒီမိုကရေစီ အလေ့အကျင့် ရစေရန်နှင့် ပြည်သူလူထု အသိအမြင် မှန်စေရန်၊ လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဦးတင်ကိုကိုဦး (ဘီးလင်း)ဒီမိုကရေစီစနစ်ဆိုသည်မှာ အစိုးရအဖွဲ့ တစ်ဖွဲ့တည်းက ဆောင်ရွက် အကောင်အထည်ဖော် ပေးရခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံသားများအားလုံး တက်ညီလက်ညီ အကောင်အထည်ဖော်ကြရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဖွဲ့စည်းပုံတွင်လည်း လောကပါလတရားနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်ဟု ပြောထားပါကြောင်း၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့် နိုင်ငံသားများသည် လောကပါလတရား တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီညွတ်ခြင်းဆိုသည်ကို မည်မျှအထိ သိရှိကြပြီဖြစ်သနည်း၊ ဒီမိုကရေစီ၏ သဘောတရား ပြည်သူလူထုအုပ်ချုပ်ခြင်းဆိုသည်ကို မိမိတို့နိုင်ငံသားများ မည်မျှ နားလည်ကြသနည်း၊ ဒီမိုကရေစီ၏ အခြေခံမူဖြစ်သော ပြည်သူလူထုပူးပေါင်း ပါဝင်မှု၊ ဒီမိုကရေစီ၏ ယဉ်ကျေးမှုဖြစ်သည့် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း သဘောတရားများကို နိုင်ငံသားများ မည်မျှအထိ သိကြသနည်း၊ လိုက်နာကျင့်သုံးနိုင်ကြသည်ဆိုသည်မှာ ဒီမိုကရေစီ အကောင်အထည်ဖော်မှု၊ အောင်မြင်မှု၊ မအောင်မြင်မှုကို ရိုက်ခတ်မည်ဖြစ်ပါကြောင်း၊

မိမိတို့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်လျှင် သေသေချာချာသိပြီး လုပ်မှသာ တည်တည်ငြိမ်ငြိမ်ဖြင့် အောင်မြင်မည်ဖြစ်ကြောင်း၊ လုပ်ရင်းဖြင့် သိလာသည်များ ရှိသော်လည်း နစ်နာ ဆုံးရှုံးမှုများ ဖြစ်တတ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု ဒီမိုကရေစီဖော်ဆောင်ရန်အတွက် သိရှိစေရန် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသော၊ ဦးဆောင်နေသော အစိုးရတစ်ရပ်က အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်သူကို ကျယ်ကျယ်ပြန်ပြန့် သတင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်၊ သတင်းခိုင်ခိုင်မာမာ ပညာပေးနိုင်တာ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းရှိသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

တစ်ဆက်တည်းမှာပင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူကို စိတ်ချလုံခြုံရသည့်ဘဝ ရစေချင်၍ ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများက ဆင်းသက်မှသာလျှင် ပြည်သူ့ဘဝစိတ်ချရမည်ဆိုသည်ကို နိုင်ငံသားများကို အသိပေးစေလိုပါကြောင်း၊

ဒီမိုကရေစီစနစ်ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်မှသာလျှင် ပြည်သူများ၏ဘဝ လုံခြုံမှုရရှိမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ပြည်သူများ၏ဘဝ  စိတ်ချရရန်၊ လုံခြုံမှုရရန် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နိုင်ငံသားများက ဆင်းသက်ရန်နှင့် ဒီမိုကရေစီစနစ် စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်စေရန် ပြည်သူများကိုယ်တိုင်သိရန် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးစေလိုသည့်အတွက် ယခုအချိန်တွင် ဆောင်ရွက်နေခြင်းများ ရှိ/မရှိနှင့် ရှေ့ဆက်၍ မည်သည့်ကိစ္စများ ဆောင်ရွက်ရန် ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။