(က)-(၁-၄-၂၀၁၆)ရက်နေ့ရှိဝန်ကြီးဌာနတစ်ခု ချင်း၏ရရန်ရှိသောကြွေးမြီများနှင့်ပေးရန်ရှိသောကြွေး မြီများ အခြေအနေကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဝန်ကြီးဌာနအသီးသီး၏ ရရန်ရှိသော အကြွေးနှင့် ပေးရန်ရှိသော အကြွေးများနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ အခြေအနေမှန်ကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နိုင်ရန် လိုအပ်ပါကြောင်း၊ မည်သည့်ဝန်ကြီးဌာနများတွင် ရရန်ရှိသော ကြွေးမြီ အများဆုံးကျန်နေပြီး မည်သည့်အတွက်ကြောင့် ရရန်ရှိသည်များ များနေသည်ကို သိရှိလိုပါကြောင်း၊ မည်သည့်နည်းလမ်းများဖြင့် အပြည့်အဝရစေရန် ဆောင်ရွက်သင့်ပါသနည်း။
ပေးစရာရှိသည့် ကြွေးမြီများအနေဖြင့် မည်သည့်ဝန်ကြီးဌာနများသည် အများဆုံးကျန်ရှိနေပြီး မည်သည့်အတွက်ကြောင့် ပေးစရာများ များနေပါသနည်း။ မည်သည့်နည်းလမ်းများ ရှာဖွေပေးဆပ်ဆောင်ရွက်သင့်ပါသနည်း။ ရစရာရှိသည်နှင့် ပေးစရာရှိသည်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်မှု မည်သို့ရှိပါသနည်း။ ပေးစရာရှိသည်နှင့် ရစရာရှိသည်များကို ခုနှိမ်ရှင်းလင်းမည်ဆိုပါက ပိုပြီးရလာနိုင်မည့်ငွေ သို့မဟုတ် ပေးဆပ်ရမည့်အခြေအနေများအပေါ် မည်သည့်နည်းလမ်းများနှင့် ရှင်းလင်းဆောင်ရွက်သင့်သည် စသည့် အကြံဉာဏ်များ၊ တင်ပြဆွေးနွေးမှုများ၊ ဝေဖန်အကြံပြုချက်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနတစ်ခုချင်းချင်း ပေးရန်ကျန်ရှိသော ကြွေးမြီနှင့် ရရန်ကျန်ရှိသော ကြွေးမြီများနှင့် ပတ်သက်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် ကျန်ရှိနေသော အခြေအနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနများအနေဖြင့် ရရန်ရှိသော ကြွေးမြီများကို မည်သို့သော စီမံချက်များဖြင့် ရနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ပေးရန်ကျန်ရှိသော ကြွေးမြီများကိုလည်း မည်သို့သော အစီအစဉ်များဖြင့် ပေးဆပ်ရန် စီစဉ်ဆောင်ရွက်ထားကြောင့် အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။