(ခ)-ဆက်သွယ်ရေးကွန်ရက်များကိုတိုးချဲ့ပြု လုပ်လျက်ရှိရာရပ်ကွက်အတွင်း ကျေးရွာအနီး တာဝါတိုင်များ တည်ဆောက်ခြင်း သည်ကျန်း မာရေးနှင့်ဘေးအန္တရာယ်ရှိ/မရှိကို ပြည်သူများ သိရှိရန် မြန်မာ့အသံနှင့် အခြားမီဒီယာမှရှင်းလင်း ရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံတော်အစိုးရများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်၍ ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ရပ်ကွက်/ကျေးရွာများတွင် တာဝါတိုင်များကို နိုင်ငံအနှံ့အပြားတိုးချဲ့ တည်ဆောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း တာဝါတိုင် တည်ဆောက်မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့အထိ တယ်လီနော၊ အူရီဒူးတာဝါတိုင်များ ၅၉ ခု လျှောက်ထားမှုအပေါ် မြေပိုင်ရှင်များ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် သဘောတူညီချက်၊ ပတ်ဝန်းကျင်ထောက်ခံချက်များအရ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ပါက ကန့်ကွက်ဖွယ်ရာမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများက ထောက်ခံပေးခဲ့ပါကြောင်း၊ ၎င်းအနက် လျှောက်ထားမှု ၅၉ ခုမှ ၄၃ ခုမှာ လုပ်ငန်းလည်ပတ်နိုင်ပြီး ကျန် ၁၆ ခုမှာ ပြည်သူများ၏ နားလည်မှုအသိစိတ်နှင့် စိုးရိမ်ပူပန်မှုများအရ အောက်ပါအချက်များနှင့် ကန့်ကွက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မှာ ရေဒီယိုလှိုင်းများကြောင့် အများပြည်သူတို့၏ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ မြေတုံခါမှုကြောင့် အဆောက်အဦများပျက်စီးနိုင်ခြင်း၊ မိုးကြိုးပစ်နိုင်ခြင်း၊ တာဝါတိုင်ကြီးများရှိ မီးစက်များမှ စက်သံဆူညံခြင်း စသည့်အချက်များဖြင့် ကန့်ကွက်တိုင်ကြားမှုများ ဖြစ်လာသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးမထိခိုက်နိုင်ကြောင်း ရှင်းလင်းတင်ပြသော်လည်း လက်မခံဘဲ ငြင်းဆန်မှုများ ရှိနေကြပါကြောင်း၊ ၎င်းဖြစ်ရပ်မျိုးသည် မိမိတို့မြို့နယ်တစ်ခုတည်းတွင် မဟုတ်ဘဲ နိုင်ငံအနှံ့အပြားတွင် ဖြစ်နေပါကြောင်း ကြားသိရပါသည်။
ထို့ကြောင့် ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ရပ်ကွက်/မြို့ရွာအတွင်း တာဝါတိုင်များ ဆောက်လုပ်မှုအပေါ် ပြည်သူများသဘောတူ လက်ခံ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်များ ကျရောက်ခြင်းများမရှိသည် ကို မြန်မာ့အသံနှင့် MRTV တို့အပြင် အခြားနည်းလမ်းနှင့် ဖြစ်စေ ပညာပေးရှင်းလင်းတင်ပြမှုကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြုလုပ်မည့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။