(ခ)-အိမ်မဲမြို့နယ် တူးမြောင်းဖြတ်ကူးတံတား စီမံ ကိန်းကြောင့်ထိခိုက်နစ်နာနိုင်သည့်အိမ်မဲ ပြည်သူ များအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် မည်သို့ဆောင်ရွက်ထားရှိကြောင်းကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အိမ်မဲမြို့နယ် တူးမြောင်းဖြတ်ကူးတံတားစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၂၅ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၄၇၅ သန်းတို့နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)ကို လုပ်ငန်းဆောင်ရွက်လာသည်မှာ ယခုအချိန်တွင် တံတားတစ်စီးလုံး ပြီးစီးလုနီးပါး အခြေအနေရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ရှစ်ကန် လမ်းနှစ်ဖက် မြေပြွန်ခြောက်စင်း နှင့် အိမ်နှင့်မြေယာလျော်ကြေးတို့အတွက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေကို ထပ်မံ တောင်းခံခဲ့ရာ ၁၂၈၅.၇၅ သန်းရရှိပြီးဖြစ်သော်လည်း မြေယာနှင့်အိမ်ခြံလျော်ကြေးအတွက် ပါဝင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊
ယခုအချိန်တွင် တံတားချဉ်းကပ်ခုံဘေး ငါးပေခန့်အကွာတွင် လူများနေထိုင်လျက်ရှိသည့်အတွက် ချဉ်းကပ်ခုံဆောက်လုပ်မည်ဆိုပါက အဆိုပါအနီးအနားတွင် နေထိုင်ကြသောလူများအတွက် အန္တရာယ်ရှိ နိုင်ပါကြောင်းနှင့် အိမ်၊လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့် ပြည်သူလူထုကလည်း စိုးရိမ်ပူပန်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယခုနှစ်အတွက် အိမ်နှင့် မြေယာလျော်ကြေးငွေများကို ထပ်ပြီး ဝန်ကြီးဌာနအနေဖြင့် ထပ်မံ ပေးချေနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း၊ အကယ်၍ လျော်ကြေးငွေများအား ပေးချေမည့်အစီအစဉ်ရှိပါက မည်သည့်နှစ်ဘတ်ဂျက်များတွင် ပေးချေနိုင်မည်ကို သိရှိလိုပါကြောင်း၊ ထို့ပြင် ချဉ်းကပ်လမ်းတည်ဆောက်မည်ဆိုပါက မြေဧက ၃၀ ပတ်လည် အနက် ၆ ပေထု မြေကျင်း ၄၂၀၀၀ ကျော် သုံးစွဲရမည်ဖြစ်ပြီး တောင်မြေကို အသုံးပြုရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ် အင်မတန် များပြားပါကြောင်း၊ ထို့ကြောင့် ကွန်ကရစ်တံတားချဉ်းကပ်လမ်းကို အသုံးပြုမည်ဆိုပါက ပိုမို အဆင်ပြေ မည်ဖြစ်သည့်အတွက် ကွန်ကရစ်တံတားချဉ်းကပ်လမ်းကို ပြောင်းလဲခွင့်ပြုနိုင်ခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။