(က)-ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ကိုဥပဒေ ဖျက်သိမ်းခြင်းမရှိဘဲပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတစ်ခုသို့ ပြောင်းလဲခြင်း၂၀၁၅-၁၆ပညာ သင်နှစ်တွင်လေးတန်း၊ရှစ်တန်း စာမေးပွဲမေးခွန်း များမှားယွင်းခြင်း၊ကြိုတင် ပေါက်ကြားခြင်းများ နှင့် စပ်လျဉ်းသည့် မေးခွန်း

2016-05-05

မေးခွန်း အကြောင်းအရာ 

hla moe၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီမှ ၂၉-၁၀-၁၉၇၃ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်ထိလည်း ဖျက်သိမ်းထားခြင်း မရှိသေးပါကြောင်း၊ အဆိုပါအဖွဲ့ကို ဒုတိယဝန်ကြီးအဆင့်ရှိသူ တစ်ဦးကို ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်ဥက္ကဋ္ဌအဖြစ်ခန့်ပြီး အဖွဲ့ဝင်အဖြစ် အခြေခံပညာ၊ အဆင်မြင့်ပညာမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ပါဝင်စေလျက် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှု အောက်မရှိဘဲ သီးခြားလွတ်လပ်သော အစိုးရအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၎င်း အဖွဲ့၏ တာဝန်ယူ မှု၊ တာဝန်ခံမှုကို ဥပဒေတွင် ဖော်ပြခြင်းသည် အစိုးရက အခြေခံပညာရေးဟု သတ်မှတ်သော ပညာအဆင့်အတန်း ကုန်ဆုံးသည့်အခါ စာစစ်အဖွဲ့မှ ဤဥပဒေအရ စစ်ဆေးသော စာမေးပွဲကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည်ဟု ပါရှိပါကြောင်း၊ ထိုအချိန်က စာမေးပွဲနှင့်ပတ်သက်သော အရာမှန်သမျှကို မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဋ္ဌမှ တာဝန်ယူ၊ တာဝန်ခံပါကြောင်း၊ ယခုချိန်တွင် ဤဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးဘဲ မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ဖျက်သိမ်းပြီး ၂၀၁၂ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက် စာစစ်ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးစီးဌာနသည် ပညာရေးဝန်ကြီးအား တာဝန်ခံလျက် ညွှန်ကြားရေးမှူးချုပ် တစ်ဦးခန့်အပ်ပြီး အခြေခံပညာရေးကို သတ်မှတ်သော ပညာအဆင့်အတန်း ကုန်ဆုံးသည့်အခါ စစ်မေးသည့် လေးတန်း (Grade-V)၊ ရှစ်တန်း(Grade-IX)နှင့် တက္ကသိုလ်ဝင်တန်း (Grade-XI) စာမေးပွဲများကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေသည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် မိမိသိရှိလိုသည့် မေးခွန်းမှာ ၁၉၇၃ ခုနှစ်၊ ပညာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲခြင်းမဟုတ်သော သီးခြားရပ်တည်နေသည့် မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ဥပဒေဖျက်သိမ်းခြင်း မရှိသေးဘဲ မည်သည့်အတွက်ကြောင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပါကြောင်းနှင့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် (၄)တန်း၊ (၈)တန်း စာမေးပွဲများတွင် မေးခွန်းများမှားယွင်းခြင်း၊ ဖြေဆိုခြင်း မပြုမီရက်များတွင် ကြိုတင်ပေါက်ကြားပြီး ဖြေဆိုသည့်အချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့မြင်ကြားသိခဲ့ရပါကြောင်း၊ ၎င်း ဖြစ်ရပ်များအတွက် စာစစ်ဦးစီးဌာနမှ တာဝန်အရှိဆုံးသူမှ တာဝန်ယူ၊ တာဝန်ခံနိုင်မည်လား၊ သို့တည်းမဟုတ် စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား တာဝန်ခံဆောင်ရွက်ရသည့်အတွက် ပညာရေးဝန်ကြီးဌာနက မည်သူကို တာဝန်ယူ၊ တာဝန်ခံ အရေးယူဆောင်ရွက်ပါမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။