(ဂ)-မင်းတုန်းမြို့နယ်ရှိ မူလတန်းကျောင်းဆောင် သစ် ဆောက်လုပ်ရာတွင် အရည်အသွေးမပြည့်မီ သည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းဆောင် သစ် တစ်ဆောင် ထပ်မံဆောက်လုပ် ပေးရန်ကုမ္ပဏီက ကတိပြုထားသော်လည်း ဆောင်ရွက်ပေးခြင်းမရှိ သည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ ပြောင်းကျေးရွာတွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွဲဝေချထားသော ဘဏ္ဍာငွေ ၂၁၆ သိန်းဖြင့် မူလတန်းကျောင်းဆောင်သစ်အား တိုးမြင့်မိုရ်ဦးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ရာ အရည်အသွေးမပြည့်မီသည့် အန္တရာယ်ရှိသော အဆောက်အဦအဖြစ် မြို့နယ်တာဝန်ရှိသူများမှ သတ်မှတ်ခဲ့သည့်အတွက် ဆောက်လုပ်ပြီးချိန်မှစ၍ ယနေ့အထိ ကျောင်းဆောင်သစ်အား ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုခြင်းမရှိသေးပါကြောင်း၊ မြို့နယ်တာဝန်ရှိသူများမှ အဆင့်ဆင့်စစ်ဆေးတင်ပြခဲ့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်မှ တာဝန်ယူဆောက်လုပ်ပေးသော တိုးမြင့်မိုရ်ဦးကုမ္ပဏီအား ကျောင်းဆောင်သစ် တစ်ဆောင်ထပ်မံ ဆောက်လုပ်ပေးရန် လမ်းညွှန်ထားခဲ့သည်ကို သိရှိရပါကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူ ဦးတိုးမြင့်အောင်မှ ၄-၄-၂၀၁၅ ခုနှစ်ရက်နေ့တွင် စတင်ဆောက်လုပ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းကို လည်းသိရပါသည်။ သို့သော် ယနေ့အချိန်အထိ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ယခုလက်ရှိတွင်လည်း အသုံးပြုနေသော ကျောင်းဆောင်အဟောင်းမှာ ချောင်းကမ်းပါးပေါ်တွင် ရှိနေပါသဖြင့် မိုးတွင်းအခါ ရေတိုက်စားမှုကြောင့် ကျောင်းဝိုင်း၏ ထက်ဝက်ကျော်တွင် ရေကြောင်းထဲသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ၏ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်သစ်အား အလျင်အမြန်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။