(ဂ)-မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စီ မံဆောင်ရွက်ထားမှုအခြေအနေများနှင့်ပတ်သက် ပြီးထိရောက်မှုရှိသောအစီအမံများထားရှိမှု ရှိ/မရှိ၊ ရှိပါလျှင် ယင်းအစီအမံများကို မည်သို့အကောင် အထည်ဖော် ဆောင်ရွက် ထားရှိသည်ကို သိရှိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2016-05-09

မေးခွန်း အကြောင်းအရာ 

myint theinမိမိတို့နိုင်ငံ၏  မြို့/ရွာအချို့တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မီးဘေးအန္တရာယ်များဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ မင်္ဂလာဈေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်စန်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောက္ကာမြို့၊ မန္တလေးမြို့ မင်္ဂလာဈေးတို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများသည်လည်း  စံချိန်သစ်တင်ရသည် အထိ ဆုံးရှုံးမှု ပမာဏများ ကြီးမားခဲ့ပါကြောင်း၊ မီးလောင်မှုများကို လေ့လာကြည့်ရာတွင်  မီးကြွင်း မီးကျန်များကို ပေါ့ဆစွာထားရှိခြင်း၊ လျှပ်စစ်မီးနှင့် မီးလောင်ပေါက်ကွဲစေသည့် ပစ္စည်းများ အသုံးပြုရာတွင် ပေါ့ဆစွာ သုံးစွဲခြင်းတို့ကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

ထိုသို့ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများသည် (၁) အဆောက်အဦနေရာ ထိုင်ခင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခေတ်မီ၊ စံချိန်မီပစ္စည်းကိရိယာများ ကြိုတင်တပ်ဆင်ပြင်ဆင်မှု အားနည်းခြင်း၊ (၂) မီးသတ်ကားများ အလွယ်တကူဝင်/ထွက်သွားလာနိုင်မှု၊ မီးငြှိမ်းသတ်ရန် ရေ အလွယ် တကူရရှိနိုင်မှုစသည့် မြို့ပြဆိုင်ရာလိုအပ်ချက်များ ပြည့်စုံစွာမရှိခြင်း၊ (၃) မီးလောင် ပေါက်ကွဲစေတတ် သည့် ပစ္စည်းနှင့်  လောင်စာဆီများကို လူနေရပ်ကွက်များတွင် သိုလှောင်ထားရှိ ရောင်းချခြင်း စသည့် အချက်များကြောင့် မီးလောင်ဆုံးရှုံးမှုပမာဏများ ကြီးမားလာရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

မိမိတို့နိုင်ငံတွင် ကျရောက်ခဲ့သည့် လေဘေး၊ ရေဘေး၊ မီးဘေး အန္တရာယ်များအနက် မီးဘေး အန္တရာယ် ဖြစ်ပွားမှုသည် ၇၀ ရာခိုင်နှုန်းရှိပြီး မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကို ကြိုတင်ကာကွယ်နိုင်ရန် ပညာပေးလှုံ့ဆော်မှုများ၊ တိုက်တွန်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက် ရှိသော်လည်း မီးလောင်မှုများက တိုးပွားနေပြီး ဆုံးရှုံး ပျက်စီးရသည့် ပမာဏများဟာလည်း တိုးတက်လျက်ရှိပါကြောင်း၊

ထို့ကြောင့် (၁) နိုင်ငံတော် အစိုးရ၌ မီးဘေးကာကွယ်ရေးအတွက် စနစ်ကျန၍ ပိုမိုထိရောက်မှုရှိသော အစီအမံများရှိ/မရှိ။ (၂) ရှိပါက ယင်းတို့ကို မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။