(က)-ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အ တွင်းရှိဧရာဝတီရေကာတာနှင့် ၂၀၁၅ ခုနှစ်၊ဇူလိုင် လအတွင်း ရေကြီးရေလျှံမှုများကြောင့် ကျိုးပေါက် သွားခဲ့သောမြစ်မခရေကာတာတို့အား၂၀၁၆ခုနှစ် မိုးမကျမီ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2016-05-11

မေးခွန်း အကြောင်းအရာ 

u kyaw min လက်ပံတန်းမြို့ အနောက်ခြမ်းဒေသတွင် ကျေးရွာအုပ်စုပေါင်း(၂၃) အုပ်စု၊ ကျေးရွာခွဲပေါင်း (၁၁၀)နှင့် အိမ်ထောင်စုပေါင်း (၂၀၀၀၀)ကျော်၊ လူဦးရေပေါင်း (၈၀၀၀၀)ခန့် နေထိုင်ကြပြီး လယ်မြေဧက (၅၀၀၀၀)၊ ကိုင်းမြေဧက(၁၅၀၀၀)နှင့် ငါးမွေးမြူခြင်းလုပ်ငန်းတို့ဖြင့်အသက်မွေးဝမ်းကျောင်း ပြုနေကြရပါကြောင်း၊ ဧရာဝတီမြစ်၊ မြစ်မခမြစ်တို့နှင့် နီးကပ်စွာနေထိုင်ကြ ရသည့်အတွက် နှစ်စဉ် မြစ်ရေကြီးမှုကို (၂၃)မိုင်၊ ရှည်လျားသော ဧရာဝတီမြစ်ရေကာတာ၊ ခမုံညောင်ပင်သာရေ ကာတာ၊ ကျီးပင်ဆိပ်-အိုးဖိုဆိပ်ရေကာတာ၊ ခမုံ-ဆင်လမ်းရေကာတာ၊ ဖိုးကတိုးရေကာတာ၊ မြင်ကဝ- ကျောက်အိုင် ရေကာတာများဖြင့် ကာရံပေးထား ရပါကြောင်း၊

ရေကာတာအများစုသည် နှစ်ပေါင်းကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့၍ တာလျော့တာနိမ့်မှု ဖြစ်ခြင်း၊ ထူးပေါက်များစွာရှိနေခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းများကြောင့် နှစ်စဉ် တာပေါ် ရေကျော်ခြင်းများကို ရွာသူရွာသားများက ကိုယ်အားကိုယ်ကိုးလုပ်အားဖြင့်တာမကျိုးပေါက်စေရန် နေ့ညကြိုးစားအားထုတ်ခဲ့ရမှုတွင် နှစ်စဉ်ဖြစ်နေ ပါကြောင်း၊ နှစ်စဉ်စိုးရိမ်သောကဖြင့် ပင်ပန်းဆင်းရဲကြီးစွာ မြစ်ရေကြီးမှုအန္တရာယ်ကို ကာကွယ်နေရပါကြောင်း၊

ဤသို့ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ဧရာဝတီမြစ်ရေလျှံမှုကြောင့် လက်ပံတန်းမြို့သည်လည်း အပါအဝင်ဖြစ်၍ (၂၃)မိုင် မျှရှိသော ဧရာဝတီရေကာတာ အနှံံ့အပြားတွင် (၃)ပေနီးပါး မြစ်ရေလျှံမှုကြောင့် ရေကာတာအောက်ဘက်ရှိ ကျေးရွာသူ/သားများမှာ နေ့ရောညပါ သဲအိတ်ပေါင်း (၂၀၀၀၀၀)ကျော်ဖြင့် မျှော်လင့်ချက်နည်းစွာ တွန်းလှန်အနိုင်ယူခဲ့ရပါကြောင်း၊ သို့သော် မြစ်မခရေကာတာသည် နှစ်ပေါင်းများစွာ ပြုပြင်ခြင်းမရှိခဲ့၍ မြစ်ရေ၏တွန်းကန်မှုကို အရှုံးပေးလိုက်ရခြင်းကြောင့် နေရာပေါင်း (၂၀)ကျော် ကျိုးပေါက်သွားခဲ့ပါကြောင်း၊ ဆုံးရှုံးမှုသည် လယ်ဧကပေါင်း(၁၈၅၃၈) ဧက၊ ငါးကန် ဧက (၃၀၀၀)ကျော်၊ လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်းနှင့် ၎င်း လမ်းပေါ်ရှိ တံတား(၃)စင်း၊ ခမုံရေကန်လမ်းပေါ်ရှိ တံတား(၂)စင်း၊ လက်ပံတန်း-သာရဝေါ မီးရထားလမ်းပေါ်ရှိ တံတားတစ်စင်းမှာ ပျက်စီးမျောပါခဲ့သဖြင့် ယနေ့ထက်တိုင် သွားရေးလာရေးတွင် ဒုက္ခများစွာဖြင့် လက်ပံတန်းပြည်သူများ ခံစားနေရပါကြောင်း၊ သို့ဖြစ်ပါ၍ တာနိမ့်တာလျောနှင့် တူးတွင်းများရှိနေသော အန္တရာယ်ရှိ ဧရာဝတီရေကာတာအား တာပုံစံကျ၍ လုံခြုံစိတ်ချရသော တာဖြစ်စေရန်နှင့် ယခုလက်ရှိကျိုးပေါက်သွားသော မြစ်မခရေကာတာအား ၂၀၁၆ ခုနှစ် မိုးမကျမီ ပြန်လည်ပြုပြင် ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။