(ခ)-ရန်ကုန်တိုင်းဒေသကြီး၊ အေးမြသီတာရပ်ကွက် ရှိလယ်သမား(၁၇)ဦး၏လယ်မြေများအားသက်ဆိုင် ရာ ကုမ္ပဏီများမှကရုဏာကြေး၊ လျော်ကြေးများကို မည်သည့်အချိန်တွင်ပေးအပ်မည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ အေးမြသီတာရပ်ကွက် (ယခင် ဖလန်း ကျေးရွာဟောင်း)မှ လယ်သမားကြီး ဦးစိုးလှိုင်ပါ ၁၇ ဦး၏ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာခဲ့ကြသော လယ်မြေများကို ၁၉၉၇ ခုနှစ်က အိုးအိမ်ဦးစီး ဌာနမှ စက်မှုဇုန်ပြုလုပ်ရန်အကြောင်းပြ၍ သိမ်းဆည်းခဲ့သော်လည်း မည်သည့်စီမံကိန်းမှ အကောင်အထည်မဖော်ခဲ့သည့်မှာ ၁၅ နှစ်ကျော်ကြာမြင့်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွဲပြောင်းပေး ထိုမှတစ်ဆင့် ကုမ္ပဏီ ခြောက်ခု ဖြစ်သော (၁) ဦးပိုင်၊ (၂) ထူး (ခေါ်) ဧရာရွှေဝါ၊ (၃) မက်(စ်)မြန်မာ၊ (၄) Asia Wall၊ (၅) အင်ဒီ၊ (၆) Dagon International ကုမ္ပဏီများသို့ ရောင်းချခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့် တောင်သူလယ်သမားကြီး ၁၈ ဦးမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို အကြိမ်ကြိမ် တင်ပြခဲ့ပြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ကုမ္ပဏီခြောက်ခုနှင့် လယ်သမား များ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၂)၊ ၁၀(ခ)တွင် ဦးစိုးလှိုင်အပါအဝင် လယ်သမား ၁၈ ဦး၏ သိမ်ဆည်းခံရသော လယ်ဧက ၁၈၀ နှင့်စပ်လျဉ်း၍ နစ်နာကြေးပေးရန် ကော်မရှင်မှ ကုမ္ပဏီများနှင့် လယ်သမားများ တွေ့ဆုံညှိနှိုင်းခဲ့ပြီး နှစ်ဦးနှစ်ဖက် နစ်နာကြေး များ စိစစ်ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု အစီရင်ခံစာထုတ်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ နစ်နာ ဆုံးရှုံးသူလယ်သမားကြီး ၁၈ ဦးအနက်မှ ဦးမြင့်သိမ်း၏ စက်မှုဇုန်သိမ်း လယ်မြေ ၁၀ ဧကကို New Day ကုမ္ပဏီက ၉-၉-၂၀၁၄ ရက်တွင် တစ်ဧက သိန်း ၇၀ နှုန်းနှင့် သီးနှံကြေး ၂၅၀၀၀၀ အပါအဝင် တစ်ဧက ၇၂၅၀၀၀၀ ပေးလျော်ခဲ့ပြီးဖြစ်သော်လည်း ကျန်လယ်သမား ၁၇ ဦး မှာ ယနေ့ထိတိုင်အောင် လျော်ကြေးငွေရရှိခြင်း မရှိသေး သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများမှ ကရုဏာကြေး၊ လျော်ကြေးများကို မည်သည့်အချိန်တွင် ပေးအပ်မည်နှင့် မပေးနိုင်သေးပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။