(ခ)-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်၊ မခန်းကျေးရွာမှ ဟိုပေါ့ရွာအထိ (၁၃) မိုင် ရှည် လျားသောမြေသားလမ်းဖောက်လုပ်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် တည်ဆောက်ပေး မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2016-05-18

မေးခွန်း အကြောင်းအရာ 

u linn zaw htunမိမိတို့ မိုင်းဖြတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့တော်ဖြစ်သည့် ကျိုင်းတုံနှင့် ဖွံ့ဖြိုးတိုးတက်နေသော နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ကြားရှိ မြို့တစ်မြို့ဖြစ်သော်လည်း အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျ နေခဲ့ပါကြောင်း၊ မိုင်းဖြတ်မြို့နယ်၏ အကျယ်အဝန်းသည် ၇၉၆.၈၃ စတုရန်းမိုင်ရှိပြီး မြို့ပေါ်ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၁ စု၊ ကျေးရွာပေါင်း ၁၂၉ ရွာရှိပြီး မြေပြန့်ဒေသတွင် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၆ စုနှင့် ကျေးရွာ ၃၃ ရွာ၊ တောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာ ၉၆ ရွာရှိပြီး သွားရေးလာရေးအလွန်ခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မွန်ကာကျောင်း အုပ်စုကျေးရွာနေ တိုင်းရင်းသားမိဘပြည်သူများ ရပ်မိရပ်ဖများမှ ၎င်း ဒေသအတွက် အမှန်တစ်ကယ်လိုအပ်နေသည့် (၁၃)မိုင်ရှည်လျားသော မြေသားလမ်း ဖောက်လုပ်ပေးရန် တင်ပြလာခဲ့ပါကြောင်း၊ ယခုအခါ ၎င်းဒေသသည် နွေရာသီ၌ ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်ပြီး မိုးရာသီတွင် ခြေကျင်သွားရောက်နိုင်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးများ အစစအရာရာ နှောင့်နှေးနေပါကြောင်း၊ အဆိုပါ မြေသားလမ်းဖောက်လုပ်ပေးပါက မခန်သစ်ရွာ၊ ဟာဝိုင်း ၁၊ ၂၊ ၃ ရွာနှင့် မာစန်းတင်ရွာ၊ ဟိုပေါ့ ၁၊ ၂ ရွာ စုစုပေါင်း ရွာပေါင်း ၇ ရွာ အကျိုးပြုသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မွန်ကာ ကျောင်းအုပ်စု၊ အခန်းကျေးရွာမှ ဟိုပေါ့ကျေးရွာအထိ (၁၃) မိုင်ရှည်လျားသည့် မြေသားလမ်း ဖောက်လုပ်ပေးပါက ကျေးရွာပေါင်း ၇ ရွာမှာရှိသည့် တိုင်းရင်းသား မိဘပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဖောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။