(ဂ)-လယ်/ဆည်ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ဆည်ပေါင်း မည်မျှ ရှိပါသနည်း၊ ၎င်းတို့အနက်မှအ ကျိုးမပြုတော့သည့် ဆည်များ မည်မျှရှိ၍ မည်သည့် အကြောင်းအရင်း များကြောင့် အကျိုးမပြုဆည် များဖြစ်နေပါသနည်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2016-05-18

မေးခွန်း အကြောင်းအရာ 

dr a zin lattမိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းပြည်တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံခြင်းကြောင့် စိုက်ပျိုးရေရရှိစေသော ဆည်မြောင်းတာတမံများကို တည်ဆောက်ခြင်းသည်လည်း အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ခဲ့ပါကြောင်း၊ အရေးပါသည့် အလျောက်လည်း တိုင်းပြည်ဘဏ္ဍာငွေ ကျပ်သန်းပေါင်း မြောက်များစွာကိုသုံး၍ ဆည်ပေါင်းမြောက်များစွာကိုလည်း တည်ဆောက်ခဲ့ကြပါသည်။ သို့သော်လည်း ကာလ အတန်ငယ်ရွေ့လျား လာပြီးနောက် တချို့ဆည်များသည် ပြည်သူကို အကျိုးပြုနေပြီး တချို့ဆည်များကတော့ ပြည်သူ့အကျိုးကို မသယ်ပိုးနိုင်သည့် အကျိုးမပြုဆည်များ၊ တိမ်ကောဆည်များ၊ အမည်ခံဆည်များ ဖြစ်နေပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ မြောက်များစွာကို အသုံးပြုလုပ်ကိုင်ခဲ့ပြီး တချို့နေရာများတွင် ပြည်သူတို့၏ လုပ်အားများပင်ပါဝင်ခဲ့သော လုပ်ငန်းတစ်ရပ်၏ အကျိုးရလဒ်ကို ယခုအချိန်မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပညာရပ်ဆိုင်ရာရှုထောင့်အပါအဝင် ဘက်ပေါင်းစုံမှ ပွင့်ပွင့်လင်းလင်း၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဆန်းစစ် ဝေဖန်သုံးသပ်စေလိုပါကြောင်း၊ ယင်းလေ့လာဆန်းစစ် သုံးသပ်တွေ့ရှိချက်များကိုလည်း ပြည်သူလူထုအား ပြန်လည် သိစေလိုသောကြောင့် မိမိမေးလိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ဆည်ပေါင်းမည်မျှရှိပါသနည်း၊ ၎င်းတို့အနက် အကျိုးမပြုဆည်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မည်မျှရှိ၍ မည်သည်တို့ဖြစ်ကြပါသနည်း၊ ဆည်များသည် မည်သည့် အကြောင်း ရင်းများကြောင့် အကျိုးမပြုဆည်များ ဖြစ်နေရပါသနည်း၊ ယင်းအကျိုးမပြုဆည်များကို အကျိုးပြုဆည်များဖြစ်စေရန် လုပ်ဆောင်နိုင်မှု နည်းလမ်းများရှိပါသလားနှင့် နည်းလမ်းများရှိပါကလည်း မည်သည့်နည်းလမ်းများဖြစ်၍ နည်းလမ်းများ မရှိပါလျှင်လည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။