(က)-ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသ ရွှေ တူးဖော်ရေး လုပ်ငန်းကို ပတ်ဝန်းကျင်နှင့်လူမှုရေး ထိခိုက်မှုမရှိအောင်နိုင်ငံတော်အစိုးရအနေဖြင့်မည် သို့ဆောင်ရွက် ပေးနိုင်ပါမည်ကို သိလိုခြင်းနှင့် စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့ ကျောက်ပုထိုးဒေသတွင် ရွှေတူးဖော်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီ ဖြစ်ပါကြောင်း၊ ပထမဆုံးက အစိုးရမှလုပ်ပြီး နောက်ပိုင်းတွင် ထာဝရကုမ္ပဏီကို ဆောင်ရွက်စေပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ဒေသခံများသည် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာ အမျိုးမျိုးနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထိုပြဿနာများမှာ မိုးရွာသည့်အခါတွင် ရေများစီးပြီး လယ်မြေထဲကို မသန့်ရှင်းသည့်ရေများ ကျပါရောက်သည့်အတွက်ကြောင့် ကောက်ပင်များ သေရခြင်းဖြစ်ပါကြောင်း၊ ထိုရေကိုသောက်သုံးသည့် ကျွဲနွားများသည်လည်း ပါးစပ်တွင် အနာရောဂါများ ခံစားရပါကြောင်း၊ မကြာခဏ ငါးများလည်း သေခြင်းကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများမှ စိစစ်ပေးရန် အကြိမ်ကြိမ်တင်ပြ တောင်းဆိုကြပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးထိခိုက်မှုများကို အနည်းနှင့်အများ ခံစားနေကြရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင်အခြေအနေ မထိခိုက်အောင် သတ္တုတူးဖော်ရေးလုပ်ငန်းကို စနစ်တကျစိစစ်ပြီး မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းနှင့် ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသ ရွှေတူးဖော်ရေးလုပ်ငန်းကို ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုများအား စနစ်တကျလေ့လာဆန်းစစ်မှုပြု၍ ပတ်ဝန်းကျင်လူနေမှုဘဝ ထိခိုက်မှုမရှိအောင် နိုင်ငံတော်အစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်ပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။