(က)-ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်ဝက်တိုးကျေးရွာ အနီးရှိ ဝက်တိုးစိုက်ကွင်းမြေဧက(၄၀၀၀)နီးပါးကို မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြောင်းနှင့်ဒေသ ခံပြည်သူများ၊ သိမ်းဆည်းခံ လယ်သမားများအကျိုး ရှိအောင်မည်သို့ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u myint tun၁၉၈၀ ခုနှစ်တွင် မိမိတို့မြို့နယ်ရှိ ဝက်တိုးစိုက်ခင်းကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာနမှ နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါကြောင်း၊ စိုက်ကွင်း(၁)တွင် ၁၉၉၁ ဧကနှင့် စိုက်ကွင်း(၂) တွင် ၁၇၃၄ ဧက စုစုပေါင်း ၃၇၂၅ ဧက ရှိပါကြောင်း၊ အင်းသား၊ ငှက်ပျောတော၊ ကပေါင်းညစသည့် ကျေးရွာငါးရွာမှ လယ်မြေဧက ၁၁၀၀ ကျော် သိမ်းဆည်းခံရပြီး ကျန်ရှိမြေများသာ မြေလွတ်မြေများ ဖြစ်ပါကြောင်း၊ ဧပြီလ ၈ ရက်နေ့တွင် စိုက်ကွင်းမန်နေဂျာများနှင့် သွားရောက်တွေ့ဆုံ မေးမြန်းသည့် အခါတွင် စိုက်ကွင်း(၁)မှာ ၆၅၀ ဧကနှင့် စိုက်ကွင်း(၂)မှာ ၆၅၀ ဧကကို နိုင်ငံတော်ပိုင် မျိုးစေ့ထုတ် ဌာနအဖြစ် အသုံးပြုပါကြောင်း၊ အဆိုပါ ဝက်တိုးစိုက်ကွင်းကို နိုင်ငံတော်ပိုင် မျိုးစေ့ထုတ်ဌာနအဖြစ် အသုံးပြုသည်ကို ယခင်က ကြားသိခဲ့ရှိမရှိဘဲ ၎င်း ဌာနမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပြီး ဖြန့်ချိ သည်ဟုသာ ကြားသိရပါကြောင်း၊ ထို့ကြောင့် အမည်ခံသာဖြစ်ပြီး အမှန်တကယ်အကျိုးရှိသည့် ထုတ်လုပ်ခြင်းမျိုး မဟုတ်ဟု ဝေဖန်သုံးသပ်ရပါကြောင်းနှင့် ဒေသခံများ၏ ပြောကြားချက်အရလည်း ဧကအနည်းငယ် ၂၀၀၊ ၃၀၀ ခန့်ကို မျိုးစေ့ထုတ်ဌာနအဖြစ်  အသုံးပြုဟန်ပြပြီး မည်သူများက မည်သည့်အတွက် အသုံးပြုသည်ကို ပွင့်လင်းမြင်သာစွာ သိရှိရခြင်းမရှိပါကြောင်း၊

၎င်းလယ်ယာမြေသည် သိမ်းဆည်းခံရသည့်အတွက် လယ်သမားတို့သည် လယ်မဲ့ယာမဲ့ဘဝသို့ ရောက်ရှိသွားကြပြီး စိုက်ကွင်းဧရိယာအပြင်ဘက်တွင် လုပ်ကိုင်စားသောက်ကြရသည်ကို မိမိတို့အစိုးရ အသစ်အနေဖြင့် စာနာနားလည်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

 သို့ဖြစ်ပါ၍ ဝက်တိုးစိုက်ကွင်းမြေဧက ၄၀၀၀ နီးပါးကို ယခုအချိန်တွင် မည်သို့မည်ပုံလုပ်ကိုင် ဆောင် ရွက်နေကြောင်းနှင့် အောင်မြင်ခြင်း၊ အကျိုးရှိခြင်းများ ဖြစ်ပေါ်နေခြင်းများမရှိပါက နိုင်ငံတော်နှင့် ဒေသခံပြည်သူများ၊ သိမ်းဆည်းခံ လယ်သမားများ အကျိုးရှိရန် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို သိရှိပါလိုကြောင်း မေးမြန်းပါသည်။