(ခ)-နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဖွံ့ဖြိုးမှုရန်ပုံငွေဖြင့်မိုးကုတ်မြို့ရှိအင်း ကြီးအားြုပုပြင်တည်ဆောက်ခြင်းလုပ်ငန်းပြီးပြတ် မှုမရှိသေးသည်ကိုဆက်လက်ဆောင်ရွက်ရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ယခင်သမ္မတဟောင်း ဦးသိန်းစိန် ၏ ပတ်ဝန်းကျင်ဖွံ့ဖြိုးမှု ထိန်းသိမ်းရေး ဖွံ့ဖြိုးမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၉၂၀ ကို မိုးကုတ်မြို့လယ်ရှိ အင်းကြီးပြုပြင်တည်ဆောက်ရန် လုပ်ငန်းအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား ခွင့်ပြုပေးခဲ့ကြောင်း၊ ၊ ဧပြီလ ၁-၄-၂၀၁၅ ရက်နေ့တွင် လုပ်ငန်းများ စတင်ခဲ့ပြီး ဇူလိုင်လတွင် မိုးများသည့်အတွက် ခေတ္တရပ်နားခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် လုပ်ငန်းများပြန်လည် လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် လုပ်ငန်းအပြီးဆောင်ရွက်ရန် ညွှန်ကြားခဲ့သည့်အတွက် ၎င်း လုပ်ငန်းကို ရှစ်လနှင့် တည်ဆောက်ခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ ရပ်နားပြီး အင်းပြုပြင်ရေး လုပ်ငန်းများ မပြီးဆုံးဘဲ တစ်ပိုင်းတစ်စဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ အင်းကန်ဘောင်ပတ်လည် နေရာများတွင် ကျောက်စည်များကို အင်္ဂတေပိတ်ရန်ကျန်ရှိခြင်း၊ မီးတိုင်များတပ်ဆင်ရန် ကျန်ရှိခြင်း၊ ကန်ပတ်လမ်းပေါ်တွင် ခဲကြမ်းများသာ ခင်းထားသည့်အတွက် သွားလာရခက်ခဲခြင်း၊ အင်းအနောက်ဘက်ခြမ်းတစ်လျှောက် ရေဆိုးနှင့်မိုးရေများ ထုတ်ပစ်ရန် ရေဆိုးထုတ်မြောင်းမရှိသေးခြင်း၊ မြို့ပေါ်မှရေဆိုးများနှင့် မိုးရေများစီးဆင်းကျလာရာ မြောင်းတည့်တည့် အင်းကန်ဘောင်အား အောက်ခြေကွန်ကရစ်မဟုတ်ဘဲ သစ်သားငုတ်ရိုက်၍ ဝါးကတ်များဖြင့် ကာထား ခြင်းစသည့် လုပ်ဆောင်ထားမှုများကိုတွေ့ရှိရပါကြောင်း၊ ထို့အပြင် အင်းကန်ဘောင်ပြုလုပ်ရန်အတွက် အင်းထဲသို့ မြေဖို့ကားများဖြင့် ဝင်ရောက်သည့်အတွက် ကတ္တရာလမ်းများ ပျက်စီးခဲ့ပါကြောင်း၊ ၎င်း ပျက်စီးသည်ကို ဆည်မြောင်းဌာနမှ တာဝန်ယူပြီး ပြုပြင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အထိ ပြုပြင်ပေးခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိုးကုတ်မြို့သည် မိုးရေချိန်လက်မ ၁၀၀ ကျော် ရွာသည့်အတွက် မြို့တံခါးများ အင်းအတွင်းကိုစီးဝင်သည့် ရေဆိုးထုတ်မြောင်းသည် အင်းကန်ဘောင်ကို ရေစီးအားနှင့် တိုက်မိလျှင် အင်းကန်ဘောင်ပျက်စီးနိုင်ပါကြောင်း၊ ထို့ကြောင့် မိုးမကျမီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အင်းပြုပြင်ခြင်းလုပ်ငန်းကို ယခင်သမ္မတဟောင်းဦးသိန်းစိန်၏ ဖွံ့ဖြိုးမှုသီးသန့်ရန်ပုံငွေမှ သုံစွဲခဲ့သော်လည်း ယခုအခါ မည်သည့်ခေါင်းစဉ်၊ မည်သည့်ဌာနဖြင့် ထုတ်ယူသုံးစွဲမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။