(ခ)-တန့်ဆည်မြို့နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေပြဋ္ဌာန်းချက်များကို အသုံးပြုခွင့်ရရှိထားသူများသိအောင်မည်သို့ဆောင် ရွက်မည်နှင့်လယ်မြေပိုင်ဆိုင်ခွင့်ပုံစံ(၇)ထုတ်ပေးခြင်း ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့မြို့နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ၊ နည်းဥဒေများကို အခွင့်အကောင်းယူပြီး မြေဧက ၂၀၁၈၁ ကို လူ (၁၃) ဦး၏ အမည်ပေါက်ဖြင့် အပိုင်စီးခဲ့ပါကြောင်း၊ ၎င်းသစ်တောများ၏ ပတ်ဝန်းကျင် တွင် ကျေးရွာများ ရှိသည့်အတွက် နွားစားကျက်ရှားပါးခြင်း၊ ထင်းခွေရန်ခက်ခဲခြင်းများအပြင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ရေရှားပါးမှုပါ ကြုံတွေ့နိုင်ပါကြောင်း၊ အချို့မြေများသည် မုံရွာ၊ ရေဦး၊ ကလေးဝ လမ်းမ ကြီးဘေးတွင်ရှိပြီး အရှည် ၇ မိုင်ခန့်အထိ တိုင်များ၊ ခြံစည်းရိုးများ ခတ်ထားသည်ကို မြင်တွေ့ရပါကြောင်း၊
ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ လွှဲပြောင်းခြင်း၊ ခွဲစိပ်ခြင်းမပြုရဟုဆိုသော်လည်း ပြုလုပ်နေကြပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ (က) တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိဘဲ အခွင့်အရေးတစ်ရပ်အနေဖြင့် ရယူထားခြင်းမရှိစေလိုပါကြောင်း၊ ဥပဒေပုဒ်မ ၂၁ တွင် စည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေ့ရှိလျှင် မူလသွင်းထားသည့် အာမခံကြေးကို သိမ်းဆည်းရမည့်အပြင် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်း ပိုင်ခွင့်ရှိပါကြောင်းနှင့် ဥပဒေချိုးဖောက်ခြင်းရှိ/မရှိ၊ ရှိလျှင်လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရုပ်သိမ်း/မသိမ်း သိရှိလိုပါကြောင်း၊ ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) တွင် မူလခွင့်ပြုကာလထက် ကျော်လွန်သည်ထိ ဖော်ထုတ် လုပ်ကိုင်အသုံးပြုခြင်း မရှိသည့်မြေများကို နိုင်ငံတော် မှ ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသည့် မြေကွက်လပ်များကို နိုင်ငံတော်ပိုင်အဖြစ် ဒေသခံများသိအောင်နှင့် အသုံးပြုခွင့်ရရှိထား သူများလည်းသိရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇) ထုတ်ပေးထားခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။