(က)-လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များကို အ ခွန်ပေးဆောင်စေပြီး လိုင်စင် ထုတ်ပေးရန် နှင့် တရားမဝင် သယ်ဆောင် ရောင်းဝယ်နေသော ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်နှင့် ကားများကိုမည် ကဲ့သို့ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာဉ်တိုက်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခြင်းကြောင့် အသက်ဆုံးရှုံးရခြင်း၊ ကိုယ်လက်အင်္ဂါများချို့ယွင်းခြင်း၊ ကျန်းမာရေးဌာနများအနေဖြင့်လည်း ငွေကြေး ဘဏ္ဍာများ မြောက်များစွာ ကုန်ကျခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ပြည်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူ အရေအတွက်သည် အခြားအမှုများဖြင့် အသက်ဆုံးရှုံးရသူ အရေအတွက် သုံးဆခန့် များပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများအနက်မှ ယာဉ်မောင်းလိုင်စင်မရှိခြင်း လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ အလွန်များပြားနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အလွယ်တကူ ဝယ်ယူရနိုင်ပြီး ဈေးနှုန်းသက်သာသော လိုင်စင်မဲ့ဆိုင်ကယ်များကို ဝယ်ယူသုံးစွဲခဲ့သည်မှာလည်း နှစ်အတန်ကြာနေပြီဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ၊ ပုဒ်မ ၅၈ ပုဒ်မခွဲ(က)အရ လိုင်စင်မဲ့မော်တော်ယာဉ်များကို စီးနင်းမည် ဆိုပါက တစ်လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငါးသောင်းကျပ်ထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေအရ ဥပဒေအားလုံးသည် ရဲအရေးပိုင်သည့် အမှုများလည်းဖြစ်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများ အဆိုပါ ပြစ်ဒဏ်များကြောင့် အကျပ်အတည်းများ တွေ့ကြုံရသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အချိန် ကာလတစ်ခုသတ်မှတ်ပြီး လိုင်စင်ပြုလုပ်ပေးရန်နှင့် တရားမဝင်ရောင်းဝယ်နေသော ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။