(ခ)-ဖြူးမြို့နယ်၊အုတ်ဖြတ်ရွာရှိအုတ်ဖြတ်မြစ်ကူးတံ တားစီမံကိန်းဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u than nyuntယခင်အစိုးရ လက်ထက် ၂၀၁၀-၂၀၁၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်ကူး တံတားစီမံကိန်းတွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြစ်ကူးတံတား၊ ထန်းတပင်မြစ်ကူး တံတားနှင့်  ဖြူးမြို့နယ်၊ အုတ်ဖြတ်မြစ်ကူးတံတား၊ အုတ်တွင်းမြို့နယ်၊ မြို့ဆိုးမြစ်ကူးတံတား ဟူ၍ မြစ်ကူးတံတား လေးစင်းပါဝင်သည့်အနက် အုတ်ဖြတ်မြစ်ကူးတံတားကို တင်ပြချင်ပါကြောင်း၊ အုတ်ဖြတ်မြစ်ကူးတံတားကို တည်ဆောက်ရာ တွင် ဖြူးမြို့၊ အုတ်ဖြတ်ရွာ၊ စစ်တောင်းကမ်းပါးအထိ ပေအရှည် ၁၂ မိုင်ခန့်၊  စစ်တောင်းမြစ်၏ အရှေ့ကမ်းတွင် စစ်တောင်းမြစ်ကမ်းပါး အထိ အရှည် ၃ မိုင်ခန့် ကတ္တရာခင်းပြီးဖြစ်သည့်အတွက် လမ်းပန်းအနေနှင့် လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊

 ပထဝီအနေအထားအရ ကြည့်မည်ဆိုပါက ကျောက်ကြီးမြို့နယ်၊ မုန်းတေဇနှင့် ထန်းတပင် မြို့နယ်၊ တောင်ဘက်စွန်းဒေသများသည် ဖြူးနှင့် အနီးဆုံးဒေသများဖြစ်သည့်အတွက် ယင်း ဒေသမှ ပြည်သူများသည် စစ်တောင်းမြစ်အနောက်ဘက်သို့  ထန်းတပင်မြစ်ကူး တံတားမှကူးလျှင် ထန်းတပင်မြို့အထိ ၂၈ မိုင်ခန့်၊ ကျောက်ကြီးတံတားမှကူးလျှင် ကျောက်ကြီးမြို့အထိ ၂၆ မိုင်ခန့်၊ အုတ်ဖြတ်မြစ်ကူးတံတားမှ ကူးလျှင် ဖြူးသို့ အရောက် ၁၂ မိုင်ခန့် အသီးသီးသွားရ မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရ ဖြူးမြို့နှင့်သာ အနီးဆုံးသွားလာ ဆက်ဆံနေရပါ၍ အုတ်ဖြတ်မြစ်ကူးတံတားသည် အရှေ့ဘက်ကမ်းနေ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသည်ကို သိရှိရသည့်အတွက် အုတ်ဖြတ်မြစ်ကူးတံတားစီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်ရန် ရှိ/မရှိနှင့် ရှိခဲ့လျှင်လည်း မည်သည့်အချိန်တွင် စီမံကိန်းစမည် ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။