(ဃ)-အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအားစာသင်ကျောင်းများနှင့်အခြားပညာရေး အဖွဲ့အစည်းများတွင်အသိပညာပေးရေးနှင့်နိုင်ငံပိုင် မီဒီယာများမှထည့်သွင်းအသိပညာပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုကြေညာခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လေးစားလိုက်နာရန် ကတိပဋိဉာဏ်ပြုထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကြေညာစာတမ်းနှင့်ပတ်သက်ပြီး ပြည်သူ/သားများ သိရှိနိုင်ရန် ဖြန့်ဝေခြင်း၊ ဖတ်ကြားစေခြင်း၊ အဓိပ္ပာယ်ရှင်းလင်းအောင် ဖော်ပြထားစေခြင်းတို့ ပြုလုပ်ရန် ညွှန်းဆိုထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း လူ့အခွင့်အရေးကို အာမခံသည့် အစိုးရအဖွဲ့ဖြစ်ရမည်ဟု ညွှန်ကြားထားပြီးဖြစ်ရာ အခြေခံလွှတ်လပ်ခွင့်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုများကို အခြေခံထားသည့် လူ့အခွင့်အရေးကြေညာစာတမ်းကို ထိန်းသိမ်းမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း Universal Decoration of Human Right ကို စာသင်ကျောင်းများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာပေးရေးနှင့် နိုင်ငံပိုင်မီဒီယာများမှ ထည့်သွင်း အသိပညာပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။