(က)-လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုအ တွင်းရှိလယ်မြေဧက(၃၀၀၀)ကျော်အားဆင်စာကြိုး ဝိုင်းနယ်မြေအတွင်းမှ ပယ်ဖျက်ပေးရန်အစီအ စဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

myo zawလယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု အတွင်းရှိ လယ်မြေဧက ၃၀၀၀ ကျော်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကပင် ဘိုးဘွားမိဘများလက်ထက်မှ သားစဉ်မြေးဆက်အထိ ဓားမဦးချ ခုတ်ထွင် ရှင်းလင်း လုပ်ကိုင်စားသောက်လာသော လယ်မြေများ ဖြစ်ပါကြောင်းနှင့်  ထိုလယ်မြေများမှ စိုက်ပျိုး ထွက်ရှိခဲ့သည့် သီးနှံများကိုလည်း အခွန်ပေးသွင်းခဲ့ပါကြောင်းကို ဒေသခံလယ်သမားများက ဧရိယာ စာရင်းများနှင့်တကွ လက်မှတ်ရေးထိုးတင်ပြလာခဲ့ပါကြောင်း၊

အဆိုပါ လယ်မြေများ၏ စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း ၁၉၉၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထုတ်ချေးပေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှစ၍ ယနေ့တိုင် လယ်ယာမြေပုံစံ(၇) မထုတ်ပေးသည့်အတွက် ချေးငွေများ မရရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးတစ်ခုတည်းကိုသာ မှီခိုအားထားနေရသည့် လယ်သမားများ အနေဖြင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများသည် မြေပုံများပေါ်တွင် သစ်တော မြေများ ဖြစ်နေခြင်းကြောင့် များစွာနစ်နာဆုံးရှုံးနေရသည်ကို တင်ပြလာပါကြောင်း၊ လယ်ဝေးမြို့နယ်တွင် သစ်တောကြိုးဝိုင်း ၁၁ ဝိုင်းရှိပြီး ထိုကြိုးဝိုင်းဧရိယာအတွင်း၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက  စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေဧကပေါင်းများစွာ ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သစ်တောမြေ၏ ယခုမြေပြင်အနေအထားနှင့် မြေပုံသည် ကွာဟလျက်ရှိနေတာကြောင့် ဒေသခံ လယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ပေးနိုင်ရေးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊

လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခ၊ ပေါင်းလောင်း၊ အင်တိုင်းသာ၊ ရွှေပြည်သာ၊ ကြို့ပင်သာကျေးရွာနယ်မြေများအတွင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်မှ ယနေ့တိုင် သားစဉ်မြေးဆက် ဓားမဦးချ ခုတ်ထွင်ရှင်းလင်းလုပ်ကိုင်စားသောက်လာသော လယ်မြေဧက ၃၀၀၀ ကျော်အား ဆင်စာကြိုးဝိုင်းနယ်မြေအတွင်းက ပယ်ဖျက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် မည်သို့သော အကျိုးခံစားခွင့်တို့ကို မည်သို့လျှောက်ထား လျှင် ရရှိနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။