(က)-နိုင်ငံတော်၏ဘဏ္ဍာငွေများ များစွာကုန်ကျ ခဲ့သောပုံညာရထားဥမင်ကြီးအားကားဥမင်အဖြစ် အသုံးပြု နိုင်ပါရန်ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
၃-၆-၂၀၁၆ ရက်နေ့ ဥမင်ကြီးပါသည့် လမ်းအပိုင်းတွင် ရထားပြေးဆွဲရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ပြည့်စုံစွာ ရှင်းလင်း ဖြေကြား ခဲ့ပြီးဖြစ်ပါကြောင်း၊ အဖြေတွင် ဘူမိဗေဒအစီရင်ခံစာအရ ရထားအူချောင်းနှင့်အပြိုင် ပြတ်ရွေ့ကြောများရှိနေခြင်း၊ ပြင်ဆင်ရမည့်ကုန်ကျစရိတ် များပြားလွန်းပြီး ရထားက ရငွေနှင့် နှိုင်းယှဉ်ပါက အရှုံးခံပြေး ဆွဲနေရခြင်းအပြင် အဓိကအကျဆုံးကတော့ စီမံကိန်း အသစ်တစ်ခုလုပ်သကဲ့သို့ ကုန်ကျမည်ဖြစ်သော်လည်း ပြတ်ရွေ့ကြောများကြောင့် မြေပြိုခြင်း၊ လျှောကျခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ် ၍ ငွေ ကုန်ပြီး အကျိုးရှိနိုင်မည်မဟုတ်သည်ကို သိရှိရပါကြောင်း၊
မိမိ၏မဲဆန္ဒနယ်ရှိ ပြည်သူလူထုသည် ရထားလမ်းကြီးဖောက်လုပ်ရာတွင် အသက်သွေး၊ ချွေးတို့နှင့် ဖောက်လုပ်ခဲ့ရပါကြောင်း၊ ပြည်သူများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များစွာ ကုန်ကျခံထားသည့် ဥမင် ကြီးကို ခြောက်နှစ်လုံးလုံး မည်သို့သော အသုံးပြုခြင်းမှမရှိ ရပ်နားထားမည့်အစား နောက်အမြဲပြန်ပြိုနေမည့် ရထားလမ်းကို မဖြစ်မနေထပ်မံ ကုန်ကျခံဖောက်လုပ်မည့်အစား၊အခြား နည်းဖြင့် နိုင်ငံတော် အတွက် အသုံးပြုနိုင်ပါက များစွာအကျိုးရှိ မည်ဖြစ်ပါကြောင်း၊ ၎င်းဥမင်ကြီးသည် မုံရွာ၊ ကလေး၊ ဂန့်ဂေါ အဝေးပြေးလမ်းမကြီးမှ အရှေ့ဘက်ထိပ် ဟာ ခြောက်ဖာလုံ၊ အနောက်ဘက် ထိပ်ဟာ နှစ်ဖာလုံသာ ကွာဝေး ပါကြောင်း၊ ပုံညာတောင်ပေါ်လမ်းဟာ အကွေ့အကောက်များတဲ့ တောင်ပတ်လမ်းဖြစ်ပြီး မိုးရာသီမှာ မကြာခဏ တောင်ပြိုပြီး လမ်းပိတ်ဆို့မှု ဖြစ်တတ်ပါကြောင်း၊ ယခင်နှစ်က ကလေးနယ်က ခရီး သည်တင်ကားတစ်စီး ပေ ၁၀၀ ခန့်ရှိ ချောက်ထဲကျ၍ အသက်ဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ တမူးနယ်ရှိ အဝေးပြေးကားများပါ မှီခိုအသုံးပြုရသည့် ကားလမ်း လည်း ဖြစ်ပါကြောင်း၊ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းစရိတ် များစွာအသုံးပြု ထိန်းသိမ်းနေရတာဖြစ်ပါကြောင်း၊ အကယ်၍များ တစ်မိုင်ကျော်သာရှည်လျားသည့် ရထားဥမင်ကြီးကို ကားလေးများသာဖြစ်စေ၊ တစ် လမ်းမောင်းဖြစ်စေ ပြင်ဆင် အသုံးပြုခွင့်ရမည်ဆိုပါက အချိန်ကုန်သက်သာပြီး ခရီးသည်များအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊
ယခုအချိန်၌ ကမ္ဘာတစ်ဝှမ်းတွင် လမ်းများဖောက်လုပ်ရာတွင် တောင်ကိုတွေ့ပါက တောင်ပတ်လမ်းအစား ဥမင်ဖောက်ပြီး ချောက်ကိုတွေ့ရင် တံတားဆောက်လုပ် ခရီးသွားလာရေး၌ လွယ်ကူပြီး အချိန်ကုန် သက်သာအောင် ဆောင် ရွက်နေကြပြီ ဖြစ်ပါကြောင်း၊ ရထားဥမင်နှင့် ကားဥမင်သည် သဘောသဘာဝ မတူညီသော်လည်း လေဝင်လေထွက်နှင့် အလင်းရောင်ပေးသည့် စနစ်များ ကောင်းမွန်အောင်ပြုပြင်နိုင်မည်ဆိုပါက မိမိတို့အတွက် ကားလမ်း အသစ် တစ်ခု ဖောက်လုပ်ပေးသကဲ့သို့ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ကုန်ကျခဲ့သော ပုံညာရထားဥမင်ကြီးအား ကားဥမင်အဖြစ် အသုံးပြုနိုင်ပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။