(က)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းဆေး ဝါးပြည့်စုံသော၊လုံလောက်သောဆရာဝန်အရေအ တွက်ဖြင့်ခုတင်(၁၀၀)ဆံ့ဆေးရုံတစ်ရုံတည်ဆောက် ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

aye naingဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် မူလကဘိုးစဉ်ဘောင်ဆက် လယ်ယာမြေလုပ်ကိုင်နေကြသော လယ်သမားမိသားစုများထံမှ မြို့သစ်စီမံကိန်းအဖြစ် လယ်ယာမြေများကို သိမ်းဆည်းခဲ့သဖြင့် လယ်ယာမဲ့ မိသားစုများနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ အခြေတကျနေထိုင်ကြသော မိသားစုများကို ‌‌‌ပြောင်းရွှေ့ပြီး တည်ဆောက်ခဲ့သော မြို့ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်မှ ယနေ့တိုင် နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့သော်လည်း လမ်းများ၊ ရေနုတ်မြောင်းများ၊ အမှိုက်သိမ်းစနစ်များ၊ သောက်သုံးရေ၊ လျှပ်စစ်၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စာသင်ကျောင်းများစသည့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးမှု အထူးလိုအပ်နေသေးသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ အထူးသဖြင့် တောင်မှမြောက် ၁၂ မိုင်ခန့်၊ အရှေ့မှအနောက် ၃ မိုင်ခန့် ၃၀.၅၄၅ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်၊ အိမ်‌ထောင်စုပေါင်း ၅၉၄၆၇ စု၊ လူဦးရေ ၃၇၃၇၃၈ ဦးရှိသည့် ရန်ကုန်တိုင်းအတွင်း ဒုတိယလူဦးရေအများဆုံးဖြစ်သည့် မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ဖွဲ့စည်းပုံအရ ၂၅ ခုတင်ဆံ့ဆေးရုံကို ဆရာဝန် ၄ ဦးဖြင့် အမည်ခံချထားပြီးသော်လည်း လက်တွေ့တွင် ယခင် ၁၆ ခုတင်ဆေးရုံအဆောက်အဦနှင့် ဆရာဝန်နှစ်ဦးဖြင့်သာ ဆောင်ရွက်နေရပါ သဖြင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ပါကြောင်း၊ တာဝန်ခံ ဆရာဝန်နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှာ ရှိသမျှအားဖြင့် ကြိုးပမ်းဆောင် ရွက်နေကြရပါကြောင်း၊ လူဦးရေကြပ်တည်းမှု၊ အခြေခံအဆောက်အဦများ လိုအပ်မှု၊ အမှိုက်သရိုက်ပေါ များမှု၊ ရေစီးရေလာ မကောင်းမှုတို့ကြောင့် နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက် ရောဂါများ မကြာခဏဖြစ်လေ့ရှိပါကြောင်း၊ အများစုမှာလည်း အခြေခံလူတန်းစားများဖြစ်၍ အထူးကု ဆေးခန်းများ၊ အထူးကုဆေးရုံများသို့ သွားရောက်ကုသနိုင်ခြင်းမရှိပါသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ပေးမှု လိုအပ်နေပါကြောင်း၊ ယခုအခါ နိုင်ငံသူ နိုင်ငံသား အများစု၏ လူနေမှုအဆင့်အတန်း တိုးတက်မြှင့်မားရေး ဆောင်ရွက်မည်ဖြစ်ပြီး အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သောကြောင့် များစွာ ဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဆေးဝါးပြည့်စုံသော၊ လုံလောက်သော ဆရာဝန်အရေအတွက်ဖြင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ တိုးမြှင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။