(က)-ဗန်းမောက်မြို့နယ်အတွင်းရှိကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောအတွင်းကျရောက်နေသောလယ်မြေ၊ ယာမြေများကိုစွန့်လွှတ်ပေးရန် ဆောင်ရွက်ပေးမည် ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

kyaw soeဗန်းမောက်မြို့နယ်၏ အကျယ်အဝန်းသည် ၈၄၄၆၆၈ ဧကရှိပြီး ကြိုးဝိုင်း ၂၁ ခု၊ ကြိုးပြင်ကာကွယ်တော ၇ ခု၊ အဆိုပြုကာကွယ်တော ၅ ခု၊ ကြိုးပြင်တော ၅ ခုနှင့် သစ်တောမြေစုစုပေါင်းသည် ၇၃၈၄၃၈ ဧက ရှိပါကြောင်း၊ သစ်တောလွှမ်းခြုံမှုသည် ၈၇.၄၂ ရာခိုင်နှုန်းနှင့် မြို့နယ်အတွင်းစိုက်ပျိုးမြေများဖြစ်သည့် လယ်မြေ၊ ယာမြေ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေစုစုပေါင်းသည် ၃၇၁၁၇ ဧကရှိပြီး လူဦးရေ ၁၁၀၀၀၀ ကျော် ရှိသော်လည်း လယ်မြေဧက နည်းသည်ကိုတွေ့ရှိရပါကြောင်း၊

သစ်တောမြေများမှ အိမ်ခြေ ၅၀ အထက်နှင့် အိမ်ခြေ ၅၀ အောက်ဟူ၍ နှစ်ကြိမ်ခွဲပြီး စွန့်လွှတ်ခဲ့ရာ ပထမစွန့်လွှတ် လယ်မြေ၊ယာမြေ ၅၅၅၈ ဧက၊ ဒုတိယစွန့်လွှတ် လယ်မြေ၊ယာမြေ ၁၅၂၂ ဧက စုစုပေါင်း ၇၀၈၀ ဧက စွန့်လွှတ်ပြီး သစ်တောမြေမှစွန့်လွှတ်ရန်ကျန်ရှိသည်မှာ ၃၈၂၀ ဧက ကျန်ရှိနေသေးသည်ကို  ထပ်မံပြုစုထားသော မြေစာရင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊

 ကျန်ရှိနေသောတောင်သူအများစုသည် ၁၉၂၀-၁၉၄၀ ဝန်းကျင်ကပင် လုပ်ကိုင်စားသောက်နေသောသူ များဖြစ်ကြပြီး ခေတ်အဆက်ဆက် သီးနှံခွန်များ ပေးဆောင်ခဲ့သူများဖြစ်ကြပါကြောင်း၊ ယခုအချိန်တွင် သစ်တောကျူးကျော် တောင်သူများအဖြစ် သတ်မှတ်ခံရပါကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တော သတ်မှတ်ရာတွင် မြေပြင်တွင်အမှန်တကယ်ရှိသော ရွာမြေ၊ သာသနာ့မြေ၊ သုဿာန်မြေများ၊ လယ်မြေ၊ ယာမြေများကို ချန်လှပ်ပြီး သတ်မှတ်ရမည်ဖြစ်သော်လည်း စားပွဲပေါ်ရှိမြေပုံဖြင့် သတ်မှတ်ခဲ့ကြ သဖြင့် ဤသို့နစ်နာမှုများ ဖြစ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် သိမ်းဆည်း မြေ များနှင့် ပြည်သူများမနစ်နာစေရေးစုံစမ်းစစ်ဆေးရေးကော်မတီတို့ထံသို့ ဒေသတွင်းတောင်သူများ စုပေါင်း၍ သစ်တောမြေများ စွန့်လွှတ်ပေးပါရန် လက်မှတ်ရေးထိုးတောင်းဆိုခဲ့ရာ ပါထွန်ကြိုးပြင် ကာကွယ်တော၊ ကြောင်လယ်ကြိုးပြင်ကာကွယ်တော၊ မူးမြစ်ဖျားကြိုးပြင်ကာကွယ်တော အိမ်ခြေ ၅၀ အထက်၊ ၅၀ အောက် သစ်တောမြေ၏ လယ်ယာမြေပါဝင်မှုတစ်စိတ်တစ်ဒေသကို စွန့်လွှတ်ခဲ့သော်လည်း ပြန့်ကျဲလယ်ယာမြေ အများအပြားနှင့် လုံးဝမစွန့်လွှတ်သေးသော ကြိုဝိုင်း၊ ကြိုးပြင်ကာကွယ်တောများလည်း ကျန်ရှိနေ ပါကြောင်း၊ ထို့ပြင် ကြိုးပြင် ကာကွယ်တောအဖြစ် အသစ်အတည်ပြုမယ့် အဆိုပြုကာကွယ်တော ၅ ခု တွင် လယ်မြေ၊ ယာမြေများ ထပ်မံ ပါဝင်လာမည်ကို တောင်သူများ၊ လယ်သမားများ စိုးရိမ်နေကြပါကြောင်း၊

ထို့ကြောင့် (၁) ဗန်းမောက်မြို့နယ် အတွင်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်းကျရောက်နေသော လယ်မြေ၊ ယာမြေများကို သစ်တောမြေမှစွန့်လွှတ်ပေးနိုင်ပါရန် မည်သို့ဆောင်ရွက်ပေးမည်ကို လည်း ကောင်း၊ (၂) မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း၊ (၃) မဆောင်ရွက်နိုင်ပါက မည်သို့ကြောင့် မဆောင်ရွက်နိုင်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။