(က)-ကျောက်တံခါးမြို့နယ်၊သာယာကုန်းလျှပ်စစ် ဓာတ်အားခွဲရုံအား ယခုထက်ပိုမို၍ လျှပ်စစ်ဓာတ် အားခွဲဝေပေးနိုင်ရေးအတွက်ဆောင်ရွက်မှုအခြေ အနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-15

ဒေါက်တာဦးမြင့်သိန်း (ညောင်လေးပင်)သာယာကုန်းပင်မဓာတ်အားခွဲရုံသည် ၂၃၀/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးနှင့် တောင်ငူခရိုင် အတွင်းရှိ အချို့သောမြို့ရွာများကို ၃၃ ကေဗွီဖီဒါ နှစ်ဖီဒါနှင့် ဓာတ်အား ခွဲဝေပို့လွှတ်ပေးလျက်ရှိရာ ဒိုက်ဦးဖီဒါနှင့် ဖြူးဖီဒါဆိုပြီးရှိပါကြောင်း၊ ဒိုက်ဦးဖီဒါ မှ လျှပ်စစ်ဓာတ်အားကို ညောင်လေးပင်၊ ပိန်းဇလုပ်၊ ဖဒို၊ ပြွန်တဇာ၊ မတောက်၊ ဒွန်ဇေး၊ ဒိုက်ဦး၊ ဖောင်တော်သီဒေသများက သွယ် ယူကြရပြီး လျှပ်စစ်ဓာတ်အသုံး အများဆုံးအချိန်တွင် အများဆုံးတက်သောဝန် (Peak Load) မှာ ၁၂.၅ မဂ္ဂါဝပ်အထိ ရောက်ရှိပါကြောင်း၊ ဖြူးဖီဒါမှ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ကညွတ်ကွင်း၊ နတ်သံကွင်း၊ ကျောက်ကြီးဒေသ များကို လျှပ်စစ်ဓာတ်အား ရယူသုံးစွဲရာတွင် ၎င်းဒေသများသည် Peak Load မှာ ၈.၅ မဂ္ဂါဝပ်အထိ ရောက်ရှိပါကြောင်း၊ ထို့ကြောင့် ထိုဖီဒါနှစ်ခုမှ Peak Load တစ်ပြိုင်တည်း ရောက်အောင်အသုံးပြုသည့်အခါ ၂၁ မဂ္ဂါဝပ်အထိ ဝန်အား တက်သွားသောကြောင့် ဓာတ်အားခွဲရုံက Load ကိုမနိုင်သည့်အခါ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရခြင်းများ ရှိပါကြောင်း၊ ထို့အပြင် သာယာကုန်းပင်မဓာတ်အားခွဲရုံရှိ ဝန်ထမ်းအင်အားသည် ရှိရမည့် ဦးရေထက် တစ်ဝက်ခန့်သာရှိပြီး အများအားဖြင့် လုံခြုံရေးဝန်ထမ်းများ လည်း လုံလောက်စွာမရှိပါကြောင်း၊

လွှတ်တော်ရပ်နားထားချိန်တွင် ကျေးရွာများကိုဆင်းပြီး ပြည်သူများနှင့် တွေ့ဆုံရာတွင် ကျေးရွာတိုင်း ရှိပြည်သူများက လျှပ်စစ်ဓာတ်အားရရှိရေးကို တောင်းဆိုနေကြပါကြောင်း လျှပ်စစ် ရရှိပြီးသည့် ရွာများမှ လည်း ဓာတ်အားပြည့်စုံ လုံလောက်စွာရရှိရန် တောင်းဆိုကြပါကြောင်း၊ထို့အပြင် ကျေးလက်မီးလင်းရေးစီမံကိန်းအရ ကျေးရွာများကို လျှပ်စစ်ဓာတ်အားသွယ်တန်းပေးရန်လည်း ရှိနေပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်း တိုးတက်လာနိုင်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သာယာကုန်းပင်မ ဓာတ်အားခွဲရုံကို အဆင့်မြင့်တင်ရန် စီမံဆောင်ရွက်ထားခြင်းရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် စတင်အကောင်အထည်ဖော် ပါမည်ကိုသိရှိလိုခြင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။