(က) - လွှတ်တော် ကိုယ်စားလှယ်များ တာဝန် ထမ်းဆောင်နေချိန်တွင် လိုက်လံစုံစမ်း၊ မေးမြန်း သတင်းရယူနေကြသောအဖွဲ့အစည်းများ၊ပုဂ္ဂိုလ်များ ကိုမည်သည့်တာဝန်ရှိပုဂ္ဂိုလ်အဖွဲှ့အစည်းများမှတာ ဝန်ပေးထားခြင်းရှိ၊ မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်များဖြစ်သည့် နိုင်ငံသားများ၏မူလအခွင့်အရေး ရရှိနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံပြန်လည် ရှင်းလင်းတင်ပြခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်း၊ လွှတ်တော်ကပေးအပ်သည့် အခြား တာဝန်များကို ထမ်းဆောင်ခြင်း အစရှိသည့် တာဝန်များကို ထမ်းဆောင်ကြရပါကြောင်း၊ ယခုလိုတာဝန် ထမ်းဆောင်သည့် အခါတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ယူ ထားသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တချို့သည် ကိုယ်စားလှယ်များ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ဂုဏ်သိက္ခာ ကိုထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရယူခြင်းတို့အပြင် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သော ပြည်သူ လူထုကို မည်သည့်အတွက်ကြောင့် တွေ့ဆုံ၍ မည်သို့ပြောဆို ကြောင်းကို အမြဲလိုလိုစုံစမ်းထောက်လှမ်း လျက်ရှိပါကြောင်း၊ ၎င်း လုပ်ရပ်များသည် နိုင်ငံသားများ၏မူလအခွင့် အရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသလို ခံစားနေရပါကြောင်း၊ ၎င်းစနစ်သည်တစ်ချိန်က အာဏာရှင်စနစ်ဆိုးများက ဒီမိုကရေစီ လိုလားသူများနှင့် လူထုကိုဖိနှိပ်ရန် ကျင့်သုံးခဲ့ သည့် ပုံစံမျိုးဖြစ်နေပါကြောင်း၊ ထိုအပြင် အရေးကြီးသည့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ တယ်လီဖုန်းများကိုလည်း ကြားဖြတ်နားထောင်ဆဲဖြစ်ပါကြောင်း၊ယနေ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် ဦးတည်ဆောင်ရွက်နေသည့် ပြည်သူလူထု ရွေးချယ်ထားသည့် ပြည်သူ့အစိုးရလက်ထက်တွင် ယခုလိုလုပ်ရပ်များသည် အာဏာရှင် စနစ်ဆိုးကို ပြန်လည် အသက်သွင်းဖို့ ဦးတည်နေသည်ဟု သံသယဖြစ်စရာဖြစ်နေပါကြောင်း၊ အကယ်၍ ယခုလိုကိစ္စမျိုး လိုအပ်သည် ဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန် ထမ်းဆောင်နေချိန်တွင် ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ် ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှလိုက်လံစုံစမ်းသတင်းယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့်တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်းရှိ/မရှိနှင့် တာဝန်ပေး ထားခြင်းရှိပါက မည်သည့်အတွက်ကြောင့် တာဝန်ပေးထားသည်ကို သိလိုခြင်းနှင့် ၎င်းကိစ္စအား တားမြစ်ရန် မည်ကဲ့သို့ပြုလုပ်ရမည် ကို သိလိုပါကြောင်း မေးမြန်းသည်။