(ခ)-နိုင်ငံ့ဝန်ထမ်းများ၊ဒေသအသီးသီးတွင်တာဝန် ထမ်းဆောင်ရာ၌ တာဝန်ထမ်းဆောင်မှု ကာလ တစ်ပြေးညီသတ်မှတ်ပေးရန်နှင့် မိုင်းခတ်မြို့နယ် အပါအဝင် ဒေသအသီးသီးတွင် ဝန်ထမ်းအင်အား ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မိုင်းခတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင် ပါဝင်သည့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဝေးခံခေါင်သီ တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက အဖက်ဖက်မှာ နောက်ကျနေသည့် မြို့နယ် ဖြစ်ပါကြောင်း၊ မြို့နယ်၏ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူမှုရေးဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများအနက်အချို့မှာ အနေကြာ ဝန်ထမ်းများဖြစ်နေပါကြောင်း၊ အဆိုပါ အနေကြာဝန်ထမ်းများသည် ကာလကြာလာသည်နှင့်အမျှ တာဝန်ထမ်းဆောင်မှုအပိုင်းများတွင် စိတ်ဝင်စားခြင်းမရှိတော့ဘဲ လုပ်ငန်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရှိရမည် ဖြစ် ပါကြောင်း၊
မြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာ ဆောင်ရွက်မှုအပိုင်းတွင် အားနည်းမှုကို ဖြစ်ပေါ်စေပါကြောင်း၊ အဆိုပါဝန်ထမ်းများကို ကြီးကြပ်သော ပြည်နယ်၊ ခရိုင်အဆင့်ရှိ ပုဂ္ဂိုလ်အချို့မှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် မြို့နယ်သို့ ကွင်းဆင်းပုံမှန် လာရောက်စစ်ဆေးခြင်း အားနည်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊ အနေကြာဝန်ထမ်းများသည်လည်း နှစ်ကာလကြည်ရှည်စွာ ထမ်းဆောင်ရာတွင် မိမိတာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပူးပေါင်း လိုစိတ်မရှိခြင်း အားနည်းချက်များကြောင့် တာဝန်ယူလုပ်ကိုင်ရသည့်လုပ်ငန်းများမှာ တိုးတက်မှု မရှိရာမှ အစပြု၍ မြို့နယ်အတွက် ဆုတ်ယုတ်မှုများကို ဖြစ်ပေါ်စေပါကြောင်း၊
ဒေသခံများမှာလည်း ၎င်းတို့အပေါ် အထင်အမြင်သေးရာမှ အစပြုပြီး ဌာနဆိုင်ရာများအပေါ် ယုံကြည်အားကိုးမှု လျော့နည်းလာပါကြောင်း၊ အချို့သော ဌာနဆိုင်ရာဝန်ထမ်းများ၏ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု အပိုင်းများတွင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်စသည့် ကာလသတ်မှတ်ပေးချက်များ မတူညီကြဘဲ ကွဲပြားခြားနားစွာ ပြောင်းရွှေ့သွားသည်ကိုလည်း တွေ့ရပါကြောင်း၊ ယင်းတို့ အခြေအနေများတွင် နိုင်ငံ့ဝန်ထမ်း အချင်းချင်းအတူတူ နှစ်ကာလ ပြောင်းရွှေ့မှု၌ နှစ်ကာလ သတ်မှတ်ချက် မတူညီကြဘဲ ပြောင်းရွှေ့သွားကြမှုအပေါ် မပြောင်းရွှေ့ရသေးသည့် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်လာကာ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအပေါ် စိတ်ဝင်စားမှုနည်းလာသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ပြောင်းရွှေ့နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် နှစ်ကာလသတ်မှတ်ချက် တပြေးညီထားရှိပြီး ရွှေ့ပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း၊ဝန်ထမ်းအင်အားများကို ကြည့်ပါက ဖွံ့ဖြိုးသည့်မြို့နယ်များတွင် ပြည့်နီးပါးရှိသော်လည်း မိမိတို့ တောင်ပေါ်ဒေသ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင် ဝန်ထမ်းအင်အားများ လျော့နည်းနေကြောင်း စိစစ်တွေ့ရှိပါကြောင်း၊သို့ဖြစ်ပါ၍ မိုင်းခတ်မြို့နယ်အပါအဝင် ဝေးလံခေါင်းပါး ဒေသများတွင် တာဝန်ထမ်းဆောင်မှုမှာ လစ်လပ်လျက်ရှိသည့်နေရာ များမှာ ဝန်ထမ်းအင်အား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။